Main menu

စားသုံးသူများ အခွင့်အရေး နှင့် စားသုံးသူရေးရာဦးစီးဌာန

Powered by Drupal

       နစ်နာဆုံးရှုံးမှုများအတွက် ကုစားခွင့်ဆိုတာကြီးကို ကမ္ဘာကသိစေဖို့အစပြုခဲ့တာကတော့  ဟန်မူရာဘီ ကိုဓဥပဒေပါ၊ ကမ္ဘာ့ပထမဦးဆုံး တရားစီရင်ရေးဥပဒေလို့ တင်စားခေါ်ဝေါ်ခဲ့ကြတဲ့ ဘေဘီလုံမြို့ကြီးရဲ့ အရှင်သခင် ဟန်မူရာဘီ ဘုရင်ကြီးရေးသားပြုစုခဲ့တဲ့  ဟန်မူရာဘီ ကိုဓဥပဒေ (Code of Hammurabi) ထဲမှာ “သွားတစ်ချောင်း ဆုံးရှုံးမှုအတွက် သွားတစ်ချောင်း”၊ “မျက်လုံး တစ်လုံး ဆုံးရှုံးမှုအတွက် မျက်လုံးတစ်လုံး” ဆိုပြီး ဆုံးရှုံးမှုနှင့် တန်းတူပြန်ပေးရတဲ့ ကုစားခွင့် (သို့) လျော်ကြေး ပြန်ပေးရတယ်ဆိုတာ လူသိများပြီး ကမ္ဘာကျော်တဲ့ လျော်ကြေးလို့ သတ်မှတ်မယ်ဆိုရင် မှားဖွယ်ရာ ရှိမည်မထင်ပါ။ ယနေ့ခေတ်အမြင်အရ ရက်စက်ကြမ်းကြုပ်မှုရှိတဲ့ လျော်ကြေး (ဝါ) တရားစီရင်ရေးလို့ မြင်နိုင်ပေမဲ့ ‌ရှေးခေတ်အခါက မျှတမှုရှိတဲ့ပြဌာန်းချက်ဆိုပြီး လက်ခံခဲ့ ကြတာပါ။  တရားစီရင်ရေး (ဝါ) ကုစားခွင့် ဆိုတာကြီးကို ကိုဓဥပဒေက အစပြုလို့ လက်ခံခဲ့ကြပေမဲ့ ခေတ်ကာ လ၊ ယဉ်ကျေးမှုနှင့် လက်ခံနိုင်စွမ်းတွေပြောင်းလဲလာတဲ့အခါမှာ  ရုပ်ပိုင်းဆိုင်ရာ နှင့် ရုပ်ဝတ္ထု ပိုင်း ဆိုင်ရာ နစ်နာမှုများအတွက် ကုစားနိုင်မည့် (သို့) အပြစ်ပေးနိုင်မည့် စည်းကမ်းတွေကို  နိုင်ငံတကာ က ဥပဒေတွေရေးဆွဲပြီး ပြဌာန်းလာကြပါတယ်။ မြန်မာနိုင်ငံ အနေဖြင့်လည်း နိုင်ငံသားများရဲ့ နစ်နာမှုနှင့် ဆုံးရှုံးမှုများအတွက် တရားမဥပဒေ၊ ပြစ်မှုဆိုင်ရာ ဥပဒေ၊ အထူးဥပဒေစသည့် ဥပဒေပေါင်း များစွာရေးဆွဲ ကာကွယ်ပေးလျှက်ရှိပါတယ်။ သို့သော် အသွေးအသားနှင့် တည်ရှိနေသော လူသားများအဖို့ ရုပ်ပိုင်းဆိုင်ရာ အပြင် စိတ်ပိုင်းဆိုင်ရာ နစ်နာမှုတွေပါ ရှိနေပြန်ပါ သေးတယ်။

      ရုပ်ပိုင်း၊ ဂုဏ်ပိုင်း၊ နာမည်ဂုဏ်သတင်းပိုင်းနဲ့ပတ်သက်ပြီး ထိခိုက်နစ်နာမှုတွေရှိရင်လက်ရှိ မြန်မာနိုင်ငံရဲ့ တည်ဆဲဥပဒေများနှင့် အရေးယူဆောင်ရွက်လို့ရပေမဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာမှု များအတွက် ကုစားခွင့်ဆိုတာ မရှိသလောက်ကို နည်းပါးပါတယ်။ ဗုဒ္ဓအဆုံးအမအတိုင်း သက်ကြီး၊ ဝါကြီး နှင့် ဆရာသမား များ၏ သွန်သင်လမ်းပြပေးမှုအောက်တွင် နေထိုင်လာကြတဲ့ မြန်မာလူမျိုး များဟာ သည်းခံစိတ် နှင့် အားနာတက်စိတ် လွန်စွာကြီးမြင့်ကြသူများ ဖြစ်သည့် အလျှောက် ကိုယ်ပိုင်ပစ္စည်း အခိုးခံရရင်တောင် ဝဋ်ကြွေးရှိလို့ ပြန်ပေးဆပ်ရတာပါလားဆိုပြီး ဖြေသိမ့်နိုင်ကြသူ များဖြစ်ပါတယ်၊ စိတ်ပိုင်းဆိုင်ရာထိခိုက်နစ်နာမှုများကြုံတွေ့ရသော်လည်း သည်းခံစိတ်ဖြင့်သာ ဖြတ်ကျော်ခဲ့ကြသည့်အတွက် မွေးကတည်းက ကိုယ်ပိုင်ရရှိနေကြတဲ့ ကိုယ့်အခွင့်အရေး (သို့ ) စားသုံးသူ အခွင့်အရေး ဆုံးရှုံးနေတယ်ဆိုတာ  သိသူအလွန်နည်းပါးခဲ့ကြပါတယ်။ အခွင့်အရေး မသိ သူများအဖို့ ကုစားခွင့်ဆိုတာ တောင်းရကောင်းမှန်းမသိတဲ့ အခြေအနေများကို စားရေးသူကိုယ်တိုင် အပါအဝင် စာဖတ်သူများအားလုံးလည်း ကြုံတွေ့ဖြတ်ကျော်ခဲ့ရမယ်လို့ထင်ပါတယ်။

        ကိုယ်ပိုင်ဆိုင်တဲ့ စက်ဘီးလေးပျောက်ဆုံးရင် ရဲစခန်းမှာအမှုဖွင့် တိုင်တန်းလို့ ရတယ်ဆိုတာ လူအများစုကသိကြပေမဲ့ ခရီးသည်တင်ကားစီးရာမှာ ခရီးဆုံးထိမပို့ဘဲ လမ်းခုလတ်မှာ ချပေးခဲ့ရင် လည်း တိုင်ရမဲ့နေရာနဲ့ အားထားရမဲ့ ဥပဒေဆိုတာမရှိခဲ့ပါ။ အပန်းဖြေခရီးသွားတဲ့အခါ ခရီးသွား Agency တွေက ဟိုတယ်မှာတည်းရမယ်ဆိုကာ အာမခံခေါ်ယူခဲ့ပြီး ဘုန်းကြီးကျောင်း မှာတည်း ခဲ့ရရင်လည်း တိုင်ရမဲ့နေရာနဲ့ အားထားရမဲ့ ဥပဒေဆိုတာမရှိခဲ့ပါ။ TV တစ်လုံးဝယ်လိုက်လို့ အာမခံ ကာလမပြည့်ခင် ချို့ယွင်းလာမှုအတွက် အာမခံအတိုင်း ပြန်မပြင် ပေးခဲ့ရင်လည်း တိုင်ရမဲ့ နေရာနဲ့ အားထားရမဲ့ ဥပဒေဆိုတာမရှိခဲ့ပါ။ ကုန်စည်နှင့် ဝန်ဆောင်မှု များကို ဝယ်ယူသုံးစွဲ၍ ဖြစ်ပေါ်လာ သည့် ထိခိုက်နစ်နာမှုများအနက် နစ်နာမှုအချို့သည် လက်ရှိတည်ဆဲဥပဒေများအရ ဖြေရှင်းပေးရန် အဆင်ပြေသော်လည်း စိတ်ပိုင်းဆိုင်ရာနစ်နာမှုများကဲ့သို့သော ထိခိုက်မှုများအတွက် လက်ရှိ တည်ဆဲဥပဒေများ နှင့် ပြဌာန်းဥပဒေများအရ ကုစားပေးရန်မလွယ်ကူပါ။ ဥပမာအနေဖြင့် ပြောရရင် ခရီးသည်တင်ကားတစ်စီး၏ဝန်ဆောင်မှုကို ရယူစီးနင်းလာသော ခရီးသည်တစ်ဦး၏ SuitCase အား ကားဝမ်းဗိုက်အတွင်း၌ တင်ဆောင်လာခဲ့ရာ ခရီးဆုံးရောက်သည့်အချိန်တွင် ကားဝမ်းဗိုက် အတွင်း၌ တင်ဆောင်ခဲ့သော SuitCase အတွင်း၌ ငါးညှီရေများစွန်းထင်ကာ အနံ့အသက်များ ဆိုးရွားစွာ ထွက်ပေါ်နေသည့်အတွက် စိတ်အနှောင့်အယှက်ဖြစ်ပေါ်ခဲ့၍  ကားပိုင်ရှင်အားပြောကြားရာတွင် တာဝန်ယူပေးမှု  မရှိသည့် အခြေအနေမျိုးတွင် အားကိုးရန်နှင့် ကိုးကားစရာဥပဒေဆိုတာ လိုအပ်ပါတယ်။

        ယင်းကဲ့သို့သော အခြေအနေများအတွက် ကုန်စည်နှင့်ဝန်ဆောင်မှုများကို ဝယ်ယူသုံးစွဲ၍ ဖြစ်ပေါ်လာသည့် စားသုံးသူ ထိခိုက်နစ်နာမှုများအပေါ် စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉) ဖြင့် နစ်နာမှုများအတွက် ပြောဆိုကြားနာပိုင်ခွင့်၊ ကုစားခွင့်၊ လျော်ကြေးရပိုင်ခွင့်နှင့် တရားစွဲဆိုပိုင်ခွင့်များ ရရှိလာအောင် ဖော်ဆောင်ပေးခဲ့ ကြတာပဲဖြစ်ပါတယ်။ ပြည်သူတိုင်းသည် စားသုံးသူဖြစ်၍ စားသုံးသူတိုင်းဟာ စားသုံးသူအခွင့်အရေး ရထိုက်သူများဖြစ်ကြပါတယ်၊ စားသုံးသူများရဲ့ အခွင့်အရေးဆုံးရှုံးနစ်နာမှုများ နှင့် ထိခိုက်နစ်နာမှုများအတွက် တိုင်ကြား နိုင်တဲ့နေရာဟာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနဖြစ်ပြီး အားထား ပြုရမဲ့ ဥပဒေကတော့ စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)ပါ ၊ သို့သော်လိုအပ်လာရင် အခြားဌာန ဆိုင်ရာများ၏ အထူးဥပဒေများ၊ တည်ဆဲဥပဒေများနှင့် အရေးယူဆောင်ရွက်မှုများကိုလည်း ဆောင် ရွက်ပါ သေးတယ်။ အခြားဥပဒေများနှင့် အရေးယူခြင်းဆိုတာ ဘယ်လိုအခြေအနေမျိုးလည်း ဆိုရင် တော့ စားသုံးသူအားထိခိုက်နစ်နာစေရန် ပြုလုပ်ကျူးလွန်ခဲ့သည့်အကြာင်းအရာသည် စားသုံးသူ ကာကွယ်ရေးဥပဒေအရရော အခြားဌာနဆို်ငရာ၏အထူးဥပဒေအရရော အရေးယူဆောင်ရွက်လို့ ရသည့်အခြေအနေမျိုးတွင် ပိုမိုထိရောက်လေးနက်စေမည့် ပြဌာန်းချက်ပေါ်မှာ မူတည်ပြီး တရားစွဲ ဆိုရမည့် ဥပဒေကိုရွေးချယ်ကာ လိုအပ်ပါက အခြားဌာနဆိုင်ရာများ၏ အထူးဥပဒေများဖြင့် ဌာနမှ တရားလိုလုပ်ကာ အရေးယူဆောင်ရွက်တာမျိုးကို ဆိုလိုတာပါ။ စာရေးသူ၏ အတွေ့အကြုံ တစ်ခု အား ပြန်ပြောရမည်ဆိုလျှင် စားသုံးသူတစ်ဦးမှ ကြက်ကြော်ဝယ်စားရာတွင် အနံ့အရသာ ပြောင်းလဲ နေကာ စားသုံးပြီးနောက် ဝမ်းရောဂါခံစားရသည့်အတွက် တိုင်ကြားလာသဖြင့် မြေပြင် ကွင်းဆင်းစစ်ဆေးရာတွင် ရက်လွန်နေသည့်ကြက်အပုတ်အား ပြုပြင်ရောင်းချခဲ့၍ စားသုံးသူ အကာအကွယ် ပေးရေးဥပဒေ ထက် ပိုမိုလေးနက်နိုင်မည့် အမျိုးသားအစားအသောက် ဥပဒေဖြင့် တရားစွဲဆို ဆောင်ရွက်ခဲ့ရတဲ့ ဖြစ်စဉ်မျိုးလည်း ရှိခဲ့ပါတယ်။

         စားသုံးသူထိခိုက်နစ်နာမှုများအတွက် အလွယ်တကူတိုင်ကြားနို်ငရန်အလို့ငှာ တိုင်းနယ် ပြည်နယ် တိုင်းတွင် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက် ရေးစင်တာ (CICC) များကို ဖွင့်လှစ်ဆောင်ရွက်ထားသကဲ့သို့ ၊ DOCA Website ၊ DOCA Myanmar Mobile Application နှင့် Consumer Call Center များမှတစ်ဆင့် အဆင်ပြေသည့်နည်းလမ်းများကိုရွေးချယ် တိုင်ကြားနေနိုင်ပြီဖြစ်သည့် အတွက် ၂၀၁၅ ခုနှစ်မှစ၍ တစ်တိုင်းပြည်လုံးတွင် တိုင်ကြားမှုပေါင်း (၃၅၀၀)ကျော်အထိ လက်ခံဖြေရှင်း ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ပါတယ်။ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့်လည်း စားသုံးသူကာကွယ်ပေးရေးလုပ်ငန်းများအား ထိရောက်လျှင်မြန်စွာ ဆောင်ရွက်နိုင်ရန်အတွက် စစ်ဆေးရေးအရာရှိများစွာလည်း ခန့်အပ်ခဲ့ပြီးဖြစ်ပါတယ်။ ကုမ္ပဏီတစ်ခုသည် နိုင်ငံခြားမှ တင်သွင်းသည့် ကုန်ပစ္စည်းဟု ကြေငြာကာ ဈေးကြီးကြီး ရောင်းချနေသော်လည်း နိုင်ငံခြားမှ တင်သွင်းလာခြင်း မဟုတ်ဘဲ အာရှနိုင်ငံများမှ ကုန်ကြမ်းတင်သွင်းကာ ပြည်တွင်း၌ ပြန်လည်ထုပ်ပိုး ရောင်းချနေကြောင်းကို စုံစမ်းစစ်ဆေးရေးအရာရှိများမှ မြေပြင်ကွင်းဆင်းတွေ့ရှိရသည့်အတွက် စားသုံးသူ ကာကွယ်ရေးဥပဒေ (၂၀၁၉)အရ ဌာနမှ တရားစွဲဆိုခဲ့သောကြောင့် သိန်း(၇၀) ပေးလျော်ရန် ပြစ် ဒါဏ် ချခံခဲ့ရပါသည်။

        စားသုံးသူရေးရာဦးစီးဌာနဟာ စားသုံးသူများထိခိုက်နစ်နာမှုများရှိလာခဲ့ရင် စားသုံးသူ ကာ ကွယ်ရေး ဥပဒေနှင့် အညီဖြေရှင်းဆောင်ရွက်ရေးများကို အားတက်သရော ဖြေရှင်းဆောင်ရွက် ကြ သလို၊ စားသုံးသူများအတွက် ဈေးကွက်ကွင်းဆင်း စစ်ဆေးဆောင်ရွက်တဲ့ လုပ်ငန်းများကိုလည်း ဆောင်ရွက် ကြရပါသေးတယ်။ ဒီနေရာမှာ စာရေးသူအနေဖြင့်ဌာနမှ စုံစမ်းစစ်ဆးရေးအရာရှိ များနှင့် ဝန်ထမ်းများမှ ဈေးကွက်အတွင်းကွင်းဆင်း ဆောင် ရွက် နေတဲ့အပိုင်းကို ရည်ရွယ်ချက် (၅) ချက်ဖြင့် ခွဲခြားပြီး တင်ပြပါရစေ။

          ရည်ရွယ်ချက်(၁) အနေဖြင့် စာရေးသူ တာဝန်ထမ်းဆောင်သည့် စားသုံးသူရေးရာဦးစီး ဌာန သည် ယခင်ကုန်သွယ်လယ်ယာ လက်ထက်မှစ၍ ထမ်းဆောင်ခဲ့သော ပြည်တွင်းကုန်သွယ်မှု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရန်နှင့် ပြည်တွင်း ကုန်သွယ်ရေး အခြေအနေများ၊ ပြည်တွင်း ထွက်ကုန် များ၏ အခြေအနေများနှင့် ဈေးနှုန်း အတက်အကျများအား ခန့်မှန်းနိုင်ရန် နေ့စဉ်ဈေးနှုန်းသတင်း အခြေအနေများအား နေ့စဉ်ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ကြရပါတယ်၊ ရည်ရွယ်ချက်(၂) အနေဖြင့် ထုတ်ကုန်များ လုံခြုံစိတ်ချမှုရှိစေရန်အတွက် ဈေးကွက်အတွင်း ကွင်း ဆင်း ဆောင်ရွက်ရာတွင် ဈေးကွက်မရောက်မီ နှင့် ဈေးကွက်ရောက်ပြီး ကုန်ပစ္စည်းများအား စားသုံးသူများအတွက် လုံခြုံစိတ်ချရမှု ရှိ/မရှိ၊ အသုံးပြုရန် သင့်/မသင့် ၊ ဘေးအန္တရာယ် ရှိနိုင်မှုအခြေအနေ နှင့် ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံစွာ ဖော်ပြ ပြဌာန်း ထားခြင်း ရှိ/မရှိ တို့အား စစ်ဆေးဆောင်ရွက်ခြင်းပါ၊ ရည်ရွယ်ချက်(၃) အနေဖြင့် စားသုံးသူရေးရာ ဦးစီးဌာနသို့ တိုင်ကြားလာသော စားသုံးသူ နစ်နာမှုများအား စုံစမ်းစစ်ဆေးရန်လိုအပ်လာပါက ဈေးကွက်ကွင်း ဆင်း စစ်ဆေးဆောင်ရွက် ခြင်းပါ၊ ရည်ရွယ်ချက် (၄)အနေဖြင့် ယခုကဲ့သို့ ကိုဗစ်-၁၉ ရောဂါများ စတင်ဖြစ်ပွားလျက်ရှိသည့် အခြေအနေများတွင် အရးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ ဆေးဝါးများ၊ စားသုံးကုန်ပစ္စည်းများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ် ကုသရေးဆိုင်ရာ ကျန်းမာရေး အထောက်အကူပြုပစ္စည်းများအား အရေးကြီးကုန်စည်အဖြစ် ကြေညာထားသည့် အတွက် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုမြင့်မား လာသည့် အချိန်မျိုးတွင် လတ်တလော လိုအပ်ချက် များဖြစ်သည့် စားသောက်ကုန်များ၊ ဆေးဝါးများနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး သုံး ပစ္စည်း များ၏ ဈေးနှုန်းနှင့် ပစ္စည်းပြတ်လပ်မှုမရှိစေရေး ဈေးကွက်ကွင်း ဆင်းစစ်ဆေးခြင်းပါ၊ ရည်ရွယ်ချက်(၅) အနေ ဖြင့် နိုင်ငံတော်၏ လိုအပ်ချက်များအရ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ တာဝန်ပေးမှုဖြင့် ဘိလပ် မြေ၊ ဓါတ်မြေဩဇာ၊ သံချောင်း၊ ဆေးတို့၏ ဈေးနှုန်း အခြေအနေ၊ လက်ကျန်အခြေအနေ နှင့် ဈေးကွက် ပြတ်လပ်မှုအခြေအနေများ၊ ကုန်ဈေးနှုန်း မြှင့်တင်မှုမရှိစေရေး အတွက် ဗဟိုဘဏ်မှ ရည်ညွှန်းငွေလွှဲနှုန်းဖြင့် ရောင်းချပေးသည့် အမေရိကန်ဒေါ်လာများဖြင့် ဝယ်ယူရရှိ လာသည့် စက်သုံးဆီ ၊ စားသုံးဆီများကို သက်သာသည့်ဈေးနှုန်းဖြင့် ပြည်သူများထံသို့ အမှန်တစ်ကယ် ရောင်းချ ခြင်းရှိ/ မရှိ နှင့် ဈေးနှုန်း အခြေအနေများအား သိရှိနိုင်ရန် ဈေးကွက်အတွင်း ကွင်းဆင်း ဆောင်ရွက်ခြင်း တို့ကို ပြုလုပ်နေကြရပါတယ်။

        ဒီလို ဈေးကွက်ကွင်းဆင်းလို့ရရှိတဲ့ အချက်အလက်များအား ဘေးအန္တရာယ်ရှိ နိုင်မှု အခြေ အနေ၊ ဈေးကွက်အတွင်း ပြန့်နှံ့မှုအခြေအနေ၊ စားသုံးသူသုံးစွဲမှုအခြေအနေများအား သုံးသပ် ချက်များ နှင့်တကွ တင်ပြဆောင်ရွက်နေကြရတာပါ။ ယခုကဲ့သို့ စားသုံးသူများ၏ အခွင့်အရေးနှင့် အကျိုးစီးပွားကို အားတက်သရောကာကွယ်စောင့်ရှောက်လျက်ရှိသော စားသုံးသူရေးရာဦးစီးဌာနရှိ ဝန်ထမ်းများ၏ ကြိုးပမ်းအားထုတ်မှု၊ ပြဌာန်းထားသောဥပဒေ၏ ကိုးကားအားထားရမှုများကြောင့် စားသုံးသူပြည်သူများ၏ ဌာနများအပေါ် ရောထွေးလျှက်ရှိသည့် အမြင်များသည် ရှင်းလင်းကွဲပြားစွာ နားလည်လာကြောင်း ထူးခြားစွာတွေ့နေရပြန်ပါတယ်၊ ဌာနနာမည်နဲ့ ဌာနယူနီဖောင်း ကို တွဲမှတ်မိ လာတဲ့ စားသုံးသူတွေဟာ စားသုံးသူနစ်နာမှုတွေကို ဖြေရှင်းပေးလို့‌ ကျေးဇူးတင်ကြောင်း သူတို့ရဲ့ Social Media မှာ ရေးသားထားတဲ့ Post များကိုတွေ့ရှိလာရခြင်းသည် စားသုံးသူအခွင့် အရေးကို ပြည်သူများသိသွားပြီဆိုတဲ့ အသိဟာလည်း ဌာနအတွက်ခွန်အားတစ်ခုပါ၊ ဈေးဆိုင် Supermarket များမှာလည်း မြန်မာလိုအညွှန်းစာသား အပြည့်အစုံ ဖော်ပြထားတဲ့ ကုန်အညွှန်းအမှတ်အသားပါတဲ့ ကုန်ပစ္စည်းလေး တွေနေရာယူ တည်ရှိလာကြတာဟာ စားသုံးသူကာကွယ်ရေးဥပဒေရဲ့ ထိရောက်မှု များပါလားဟု တွေးတောရင်း စားသုံးအခွင့်အရေးရရှိအောင် ဥပဒေနှင့်အညီ ကြိုးပမ်းကြဦးမည့် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများကို ဂုဏ်ပြုလိုက်ရပါတယ်။

ဒေါက်တာသရဖီထွန်း

 DOCA (YGN)