Main menu

လေ့လာမှတ်သား ကုန်အညွှန်းအမှတ်အသား

Powered by Drupal

      ကုန်အညွှန်းအမှတ်အသား(label)ဆိုတာ သတင်းအချက်အလက်ဖြန့်ဝေခြင်းပါဘဲ၊ ကိုယ်သိထားတဲ့ အချက်အလက်နှင့် အကြောင်းအရာများကို တစ်ဦးတစ်ယောက် (သို့) အများသိအောင် ဖြန့်ဝေခြင်းပါ။ သတင်းဆိုသည့်နေရာတွင် မဖြစ်မနေသိဖို့လိုအပ်တဲ့ သတင်းရှိသလို သိဖို့မလိုအပ်တဲ့ သတင်း ဆိုတာမျိုးလည်း ရှိနေပြန်ပါသေးတယ်။ ကမ္ဘာကျော် ရှိတ်စပီးယား ရေးထားတဲ့ ဝတ္ထုထဲ က ဇာတ်ကောင်နှစ်ဦးအကြောင်း ပြန်ပြောင်းပြောရမယ်ဆိုရင် ဂျူးလီယက်ရဲ့ သေဟန်ဆောင် တဲ့သတင်းဟာ ရိုမီယိုထံ ရောက်ဖို့ နောက်ကျလေတော့ ချစ်သူနှစ်ဦးစလုံး သေဆုံးရတဲ့ အထိ ရောက်ရှိ ခဲ့တာလည်း သိဖို့လိုအပ်တဲ့ သတင်းကိုဖြန့်ဝေ ပေးတာနောက်ကျ ခြင်းကြောင့်ပါ၊ သိဖို့မလိုအပ်တဲ့ သတင်းဆိုတာကတော့ အိမ်ပေါက်ဝအထိ ရောက်လာလေ့ ရှိကြပြီး မိသားစု နှင့် ပတ်ဝန်းကျင်အတွက် အသုံးမဝင်တဲ့သတင်းအမှား တစ်နည်းအားဖြင့် အတင်းအဖျင်း ဆိုတာ မျိုးတွေပါ။

      “ပန်းသတင်းကို လေညင်းကဆောင်သလို၊ ကုန်ပစ္စည်းတွေရဲ့ သတင်းကတော့ Label က ဆောင်တာပါ။ ဒီနေရာမှာ စာရေးသူက လူသတင်းထက် Label သတင်းလေးကို ဖြန့်ဝေရေးသား လိုပါတယ်။ ကုန်အညွှန်းအမှတ်အသား (Label)တွေကို လွန်ခဲ့သောနှစ်ပေါင်း ၁၇၀၀ လောက်က ဆေးဝါးများ သယ်ဆောင်ရာတွင် အမျိုးအစားခွဲခြားစေရန် စတင်သုံးစွဲခဲ့ ကြပြီး ၁၈ရာစု နောက်ပိုင်း မှာ ဝိုင်ပုလင်းတွေမှာ ကုန်အညွှန်းအမှတ်အသား (Label)တွေကို စတင်သုံးစွဲလာခဲ့ကြပါတယ်။ ကုန်ပစ္စည်းတွေမှာ ကုန်အညွှန်းအမှတ်အသား (Label) တပ်ရခြင်းကတော့ ကုန်ပစ္စည်း နဲ့ပတ်သက် ပြီးတော့ သတင်းအချက်အလက် ပေးချင် လို့ပဲဖြစ်ပါတယ်။ ကုန်ပစ္စည်းရဲ့ အကြောင်းကို ပေးချင်တဲ့ သတင်းဟာ ကုန်ပစ္စည်း၏ အမျိုးအမည်ခွဲခြားနိုင်ဖို့အတွက်ဖြစ်နိုင်သလို ၊ ဈေးနှုန်းသတင်း ပေးချင် လို့လည်း ဖြစ်နိုင်ပါတယ်၊ Expiry date အတွက်သတင်းပေးချင်လို့လည်း ဖြစ်နိုင်သလို၊ အခြားသော အချက်အလက်များနှင့် ပတ်သက်သည့် သတင်းအတွက်လည်း ဖြစ်နိုင်ပါတယ်။

       ကုန်ပစ္စည်းတွေမှာ ကုန်အညွှန်းအမှတ်အသား (Label)ကို တပ်ထားရခြင်းရဲ့ ပထမ ရည်ရွယ်ချက် ကတော့ စားသုံးသူများ၏ အကျိုးအတွက်နှင့် စားသုံးသူများပေါ် ကျရောက် လာနိုင်တဲ့ ဘေးအန္တရာယ် မှကာကွယ်ပေးနိုင်ရန် ရည်ရွယ်ပြီးထည့်ပေးထားတာပါ။ စားသုံးသူများ အတွက် သုံးတတ်ရင်ဆေး မသုံးတတ်ရင်ဘေး" ဆိုတဲ့စကားပုံအတိုင်းပါပဲ ထုတ်လုပ်သူလုပ်ငန်းရှင် တွေဟာ ကုန်အညွှန်းအမှတ်အသား (Label) ကို အဓိကထား သေချာတပ်ပေးဖို့လိုအပ်ပါတယ်၊ အထူးသဖြင့် ဆေးဝါးများအတွက် Label ဟာ ပိုအရေးကြီးပါတယ်။ Label ပြည့်စုံစွာ ဖော်ပြထားမှသာလျှင် သုံးစွဲသူများဟာ ၎င်းတို့ရဲ့ အနေထားများအရ သောက်သုံး ရန်သင့်/မသင့် နှင့် ဘေးအန္တရာယ် ဖြစ်နိုင်မှု ရှိ/မရှိ ကိုလည်း သုံးသပ်နိုင်မှာဖြစ်ပါတယ်။ Label အညွှန်းမပါတဲ့ ဆေးဝါးများကို နားလည်မှုလွဲမှားစွာ သုံးစွဲမှုများကြောင့် သေဆုံးခဲ့ရသည့် အမှုများစွာ လည်းရှိနေပြန်ပါသေးတယ်။ ဒီလိုကိစ္စရပ်များကို ကြည့်ခြင်းအားဖြင့် ကုန်အညွှန်း အမှတ်အသား (Label) ဟာ စားသုံးသူပြည်သူများအတွက် လုံခြုံရေးလက္ခဏာရပ်သင်္ကေတ ဆိုရင်လည်း မှားမည် မထင်ပါ။

         ကုန်ပစ္စည်းတွေမှာ ကုန်အညွှန်းအမှတ်အသား (Label)ကို တပ်ထားရခြင်းရဲ့ ဒုတိယ ရည်ရွယ်ချက်ကတော့ လုပ်ငန်းရှင်များအတွက် ထိရောက်တဲ့အကျိုးစီးပွား ဖြစ်ထွန်းစေခြင်းပါ။ လုပ်ငန်းရှင်များဟာ သူတို့ထုတ်လိုက်တဲ့ ကုန်ပစ္စည်းများနှင့် သက်ဆိုင်သည့် သတင်းအချက် များအား Label ထဲမှာ ဖော်ပြပြီးသားဖြစ်သွားတာပါ။ Product Marketing မှာလည်း Label ဟာ အလွန်အရေးကြီးပါတယ်။ လုပ်ငန်းရှင်တစ်ဦးဟာ သူထုတ်လုပ်လိုက်တဲ့ ကုန်ပစ္စည်း အပေါ်မှာ Label ပြည့်စုံစွာ ဖော်ပြပေးထားရင် Customer အတွက် Information ပေးနေတာဘဲ ဖြစ်တဲ့အတွက် ၎င်းပစ္စည်းအား ဝယ်မယ်/ မဝယ်ဘူး ဆိုတဲ့ စားသုံးသူရဲ့ ဆုံးဖြတ်ချက်ဟာ ပြီးပြည့်စုံတဲ့ Label အပေါ်မှာ မှီတည်နေတာဖြစ်ပါတယ်။ Label သေချာစွာဖော်ပြပေးထားပါက တစ်ခါမှ မသုံးဖူးသေးတဲ့ Customer တစ်ဦးတောင် ထုတ်ကုန် အပေါ် သေချာစွာနားလည် သွားစေနိုင်ပြီး ဝယ်/မဝယ် ကို စားသုံးသူကိုယ်တိုင် ဆုံးဖြတ်နိုင်တဲ့အခြေအနေထိ Label ဟာ ငြို့ငင်အား ကြီးလွန်း လှပါတယ်။

       Label တပ်ထားတဲ့ ကုန်ပစ္စည်းကို စားသုံးသူအား ငြို့ငင်အားကြီးသွားစေသလို ၊ label ဖော်ညွှန်း ပြသထားခြင်းမရှိလို့ ကမ္ဘာကျော်သမ္မတ တစ်ဦးသေဆုံးစေခဲ့သည့်အထိ အန္တရာယ်ဖြစ်စေခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ (၁၂)ဦးမြောက် သမ္မတဖြစ်တဲ့ ဇက်ခရီ တေလာ (Zachary Taylor) ဟာ ပါတီပွဲတစ်ခုမှာ နွားနို့နှင့် အသီးအချို့ကို တွဲ၍ စားသုံးမိသောကြောင့် အသက်သေဆုံးခဲ့ရပြီး ၎င်း သေဆုံးပြီးနောက်ပိုင်း စစ်ဆေးချက်များအရ သမ္မတကြီးစားသုံးခဲ့သည့်နွားနို့တွင် တွဲဖက် စားသုံးရန်မသင့်သည့် အစားအစာများအား ကြိုတင်သတိပေးချက် Label တပ်ဆင်ထားမှု မရှိသည့် အတွက် တွဲမစားသင့်သည့်အစားအစာများအား သမ္မတကြီးမှစားသုံးမိ၍ သေဆုံးခဲ့ရ ကြောင်းကို နိုင်ငံပိုင် သတင်းစာတွေမှာ ကြေညာခဲ့ရသည့်အထိ ဖြစ်ခဲ့ရပါတယ်။ နောက်ပိုင်းမှာ သမ္မတ အေဘရာဟမ် လင်ကွန်း (Abraham Lincoln) လက်ထက်မှာ ကုန်အညွှန်းအမှတ်အသား (label) များနှင့်ပတ်သက်ပြီး တိကျတဲ့လမ်းညွှန်ချက်များအား ထုတ်ပြန် ခဲ့ရပါတယ်။ ကုန်အညွှန်း အမှတ် အသား label ဟာ အဲ့ဒိလောက်ထိကို အရေးပါ အရာရောက်တာပါ။

       ကုန်အညွှန်းအမှတ်အသား (Label)ကို နောက်တစ်မျိုး တင်စားပြောရမယ်ဆိုရင် “သတိပေး နှိုးဆော်ချက်လို့ ပြောချင်ပါသေးတယ်။ တစ်ချို့ကုန်ပစ္စည်းနှင့် အစားအသောက် များသည် ပမာဏနည်းနည်းသုံးစွဲ၍ အန္တရာယ်မဖြစ်သော်လည်း များများသုံးစွဲပါက အန္တရာယ် ဖြစ်နိုင်ခြင်း၊ Label တွင်ဖော်ပြထားသော်လည်း တွဲဖက်မစားသင့်သည့် အစားအစာများအား သုံးစွဲမိခြင်း နှင့် အခြားသော ဘေးအန္တရာယ်ဖြစ်နိုင်ခြင်းတို့မှ ကာကွယ်ရန်နှင့် ကြိုတင်သတိပေးနိုင်ရန် ရည်ရွယ်ချက် များဖြင့် ကုန်အညွှန်းအမှတ်အသား တစ်နည်းအားဖြင့် (Warning Label)များအား ဥပဒေအရ မဖြစ်မနေပြဌာန်း နှိုးဆော်ခိုင်း တာမျိုးတွေလည်းရှိနေပြန်ပါသေးတယ်။ ဥပမာ ဆေးလိပ်ဘူး ပေါ်တွင်  “‌ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကိုဆိုးရွားစွာ ထိခိုက်စေနိုင်သည်  ဆိုသည့် သတိပေးနှိုးဆော် ဖော်ပြချက် (Warning Label) အမျိုးအစားတွေကို စာဖတ်သူတို့ မကြာခဏ မြင်ဖူးကြလိမ့် မယ်လို့လည်း ထင်မိပါတယ်။

     ကုန်အညွှန်းအမှတ်အသား (Label) ရဲ့ အရေးပါတဲ့ အခန်းကဏ္ဍများကြောင့် မြန်မာနိုင်ငံတွင် စားသုံးသူများအား ထိရောက်သော ကာကွယ်မှုများရရှိနိုင်ရန်အတွက် စားသုံးသူကာကွယ်ရေး ဥပဒေ(၂၀၁၉)၊ အခန်း(၁၈)တွင် ကုန်အညွှန်းအမှတ်အသားနှင့် ပတ်သက်ပြီး တိကျစွာပြဌာန်းခဲ့ ပါတယ်။ လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ ကုန်ပစ္စည်းများအပေါ်တွင် ကုန်အညွှန်း အမှတ်အသား များအား မြန်မာဘာသာဖြင့်ဖြစ်စေ၊ အခြား ဘာသာနှင့်မြန်မာဘာသာတွဲ၍ဖြစ်စေ တိကျစွာဖော်ပြ ဆောင်ရွက်နေကြပြီ  ဖြစ်ပါတယ်။ စားသုံးသူ ကာကွယ်ရေး လုပ်ငန်းများအား ဆောင်ရွက်နေရသည့် စားသုံးသူရေးရာ ဦးစီးဌာနအနေဖြင့် တိုင်းနယ်/ ပြည်နယ်များတွင် စုံစမ်းစစ်ဆေးရေးအရာရှိ‌ မြောက်များစွာ ခန့်အပ်ထားရှိပြီး ဖြစ်တဲ့အတွက် ဌာနအနေဖြင့် ဈေးကွက်ကွင်းဆင်း စစ်ဆေး ဆောင်ရွက်ရာတွင် Label တပ်ဆင် ထားခြင်းမရှိသည့် ကုန်ပစ္စည်းများတွေ့ရှိပါက ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

        ဒီနေရာတွင် အယူအဆလွဲမှားနေကြသည့် အကြောင်းအရာလေးတစ်ခုအား တိတိကျကျ တင်ပြရေးသားရမယ်ဆိုရင် စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၈)၊ ပုဒ်မ ၄၁ အရ ကုန်ပစ္စည်း အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ ကုန်အညွှန်းအမှတ်အသားများအား သိသာစွာ ဖော်ပြရမည်ဟု ပြဌာန်းထားသည့်အတွက် လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ထုတ်ကုန်များ အပေါ် တွင် ဥပဒေနှင့်ညီသည့် ကုန်အညွှန်း အမှတ်အသားများအတိုင်း ဖော်ပြတပ်ဆင်နိုင်သည်ဟု အဓိပ္ပါယ် သက်ရောက်ပြီးဖြစ်ပါသည်။ ကုန်အညွှန်း အမှတ်အသားများအား ဖော်ပြနိုင်ရန်အတွက် စားသုံးသူ ရေးရာဦးစီးဌာနတွင် လာရောက်စစ်ဆေး ရမည်ဟု စားသုံးသူကာကွယ်ရေးဥပဒေတွင် ဖော်ပြထား ခြင်းမရှိသည့်အတွက် ဌာနတွင် လာရောက် စစ်ဆေးခြင်းပြုရန်မလိုဘဲ မိမိတို့ထုတ်ကုန် များတွင် ကုန်အညွှန်းအမှတ်အသားများအား ဖော်ပြနိုင် ပါသည်။

       သို့သော် ကုန်အညွှန်းအမှတ်အသားများနှင့် ပတ်သက်၍ မြန်မာနိုင်ငံ စားသုံး သူ ကော်မရှင်မှ ၃.၁၂.၂၀၁၉ ခုနှစ်က ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) ဖြင့် ကြေညာချက် တစ်ရပ်ထုတ်ပြန် ခဲ့ပါသည်။ ထိုကြေညာချက်ထဲ၌ ကုန်ပစ္စည်းများပေါ်တွင် ဖော်ပြရမည့် အမျိုးအမည်၊ အသားတင် ပမာဏ၊ ထားသိုပုံ၊ သုံးစွဲပုံ၊ ဘေးထွက်ဆိုးကျိုး၊ ဓါတ်မတည့်ကြောင်းဖော်ပြချက် နှင့် ကြိုတင် သတိပေးချက် စသည့် ကုန်အညွှန်းအမှတ်အသားဖော်ပြချက် (၇)ချက် တို့အား ဖော်ပြထားပါသည်။ ကုန်စည် အမျိုးအစားများသည် မတူညီကြသော ကြောင့်   ၎င်း (၇)ချက်အား ကုန်ပစ္စည်းတိုင်းတွင် (၇)ချက်လုံး ထည့်သွင်းဖော်ပြရန် မလိုအပ်သည့်အတွက် ကုန်စည်များကိုအုပ်စု(၄၂)မျိုးခွဲ၍ ကုန်စည် အမျိုးအစားအလိုက် ထည့်သွင်းဖော်ပြရမည့် Label အချက်များအား ကြေညာချက်ထဲတွင် ဖြည့်စွက် ထည့်သွင်း ဖော်ပြခဲ့ပါသည်။ ရေသန့်ကဲ့သို့သော ကုန်ပစ္စည်းအမျိုးအစားများသည် ဘေးထွက်ဆိုး ကျိုး၊ ဓါတ်မတည့်ကြောင်းဖော်ပြချက် နှင့် ကြိုတင်သတိပေးချက် စသည့်အချက်များ ထည့်သွင်း ဖော်ပြရန် မလိုအပ်ဘဲ အချက် (၄)ချက်ခန့်သာဖော်ပြရန် လိုအပ်ခြင်း၊ ဆေးဝါး ကဲ့သို့သော အချို့ကုန်ပစ္စည်းများသည် အချက်(၇)ချက်လုံးထည့်သွင်းဖော်ပြရန်လိုအပ်ခြင်းစသည့် မတူညီသော အချက်အလက်တို့ကြောင့် လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ကုန်ပစ္စည်းများအပေါ် တိကျသော Label များတပ်ဆင်ရန်ဆန္ဒရှိ လာကြခြင်း၊ အချို့လုပ်ငန်း ရှင်များသည့် ကုန်အမျိုးအမည်အား Branch Name ဖြင့် မှားယွင်း ထည့်သွင်း ဖော်ပြခြင်း နှင့် ကုန်ပစ္စည်းအမျိုးအမည်အား တိုက်ရိုက်ဘာသာပြန် ထည့်သွင်းဖော်ပြလာကြခြင်းစသည့် ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်အမှားများ ဖော်ပြမှုများလာတာကို တွေ့ရှိလာရပါတယ်။ (ဥပမာ ပန်းသီးယမကာ ဟု ဖော်ပြရမည့်အစား ပန်းသီးဆိုက်ဒါဟု ဖော်ပြလာခြင်း၊ ဂျုံမှုန့်ဟု သုံးရမည့်အစား ဖလောဟု ဖော်ပြခြင်း)

       ယင်းကဲ့သို့ ဥပဒေဖော်ပြချက်များနှင့် ကိုက်ညီမှုမရှိသည့် ကုန်အညွှန်းအမှတ်အသားများအား မှားယွင်းထည့်သွင်းခဲ့သောကြောင့် Label များ ပြန်လည်ပြင်ဆင်ရ၍ ပြင်ဆင်ကုန်ကျစရိတ်များ မကုန်သင့်ဘဲများစွာ ကုန်ကျနေရသည့် ဖြစ်စဉ်မျိုးကြုံတွေ့ရသည့်အပေါ် လုပ်ငန်းရှင်များ အနေဖြင့် ၎င်းတို့ဖော်ပြညွှန်းဆိုထားသည့် ကုန်အညွှန်းများ မှန်ကန်ပြည့်စုံခြင်း ရှိ/မရှိကို စစ်ဆေးပေးပါရန် စားသုံးသူရေးရာဦးစီးဌာနသို့ အကူအညီတောင်းခံမှုများရှိလာခဲ့သည့်အတွက် ဌာနအနေဖြင့် ဥပဒေနှင့်ကိုက်ညီသော ကုန်အညွှန်းအမှတ်အသားများ ဖော်ပြနိုင်ရေးနှင့် ဥပဒေအားတိကျစွာ လိုက်နာသည့် လုပ်ငန်းရှင်များ ဖြစ်လာနိုင်စေရေးအတွက် ရည်ရွယ်၍ စစ်ဆေးဆောင်ရွက်ပေးနေရခြင်းသာဖြစ်ပါသည်။ ဌာနမှ ကုန်အညွှန်းအမှတ်အသားများအား တရားဝင်မှတ်ပုံတင်ရန် ဥပဒေအရပြဌာန်းထားခြင်းမရှိသောကြောင့် လုပ်ငန်းရှင်များ လာရောက် စစ်ဆေးခြင်းသည် တရားဝင်မှတ်ပုံတင်ခြင်းမဟုတ်ဘဲ ဌာနမှ အကူအညီပေးစစ်ဆေးခြင်းသာ ဖြစ်ပါသည်။ ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံစွာ ဖော်ပြထားသော်လည်း ဖော်ပြထားသော Label များသည် အဓိပ္ပါယ်မှန်ကန်မှုမရှိသည့် ကုန်ပစ္စည်းအချို့အား ဈေးကွက်အတွင်း၌ စစ်ဆေးတွေ့ရှိနေရပါသည်။   တစ်ချို့သော မှားယွင်းမှု မျိုးသည် စားသုံးသူများအား ထင်ယောင်ထင်မှား ဖြစ်စေနိုင်သည့်အတွက် ပြန်လည်ပြုပြင် ဖော်ပြရမည့် အချက်များအား စားသုံးသူကာကွယ်ရေး ဥပဒေနှင့်အညီ ဝန်ကြီးဌာနမှ သတ်မှတ် ပြဌာန်း‌ကြေညာပေးခဲ့ရသည့် ဖြစ်စဉ်မျိုးလည်းရှိပါသည်။ (ဥပမာ -၂၂.၁၂.၂၀၂၁ ရက်နေ့က ဝန်ကြီးဌာနမှထုတ်ပြန်ခဲ့သော စားသုံးဆီများနှင့်ပတ်သက်သည့် ကြေညာချက်ထုတ်ပြန်ချက်)

     ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေ တစ်မျိုးထဲ၌သာ ပြဌာန်းထားခြင်းမျိုး မဟုတ်ပါ။ အစားအသောက် ကုန်ပစ္စည်းများနှင့် သက်ဆိုင် သည့် အခြားသောသက်ဆိုင်ရာ ဌာနများတွင်လည်း ကုန်အညွှန်းအမှတ်အသားနှင့် ပတ်သက်သည့် ပြဌာန်းချက်အချို့ရှိနေသေးသည့်အတွက် ထိုပြဌာန်းချက်များကိုလည်း တိကျစွာ လိုက်နာ ဆောင်ရွက်ရန် လိုအပ်ပါသေးတယ်။ ဥပမာအားဖြင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနသည် အစားအသောက်၊ ဆေးဝါး၊ အလှကုန် နှင့် ရေသန့်တို့ နှင့်ပတ်သက်သည့် တိကျသည့် ဥပဒေများ၊ ပြဌာန်းချက်များ၊ လုပ်ထုံးလုပ်နည်းများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များကို ပြဌာန်းဖော်ပြထား တာတွေလည်းရှိပါတယ်။ ဒီလိုပါပဲ ဓါတ်မြေဩဇာ၊ စိုက်ပျိုးရေးသုံးပိုးသတ်ဆေး အမျိုးမျိုးများအတွက် သက်ဆိုင်ရာထည့်သွင်းရမည့် ကုန်အညွှန်းအမှတ်အသားများအား စိုက်ပျိုး ရေးဦးစီးဌာမှ တိကျသော ဥပဒေများဖြင့် ပြဌာန်းထားတာရှိသလို ကျန်းမာရးအတွက် ထိခိုက်စေမည့် ကုန်ပစ္စည်းများပေါ်တွင် Warning label (သတိပေးနှိုးဆော်ချက် အညွှန်း) တွေကိုလည်း ထည့်သွင်းဖော်ပြရန်အတွက် ကျန်းမာရေးဦးစီးဌာနမှ ကုန်အညွှန်းအမှတ်အသားနှင့် ပတ်သက်သည့် ဖော်ပြချက်အချို့လည်း ရှိနေပြန်ပါသေးတယ်။ ဒါကြောင့်လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ ထုတ်ကုန်များ အပေါ်မူတည်၍ စားသုံးသူကာကွယ်ရေးဥပဒေအရရော အခြားသက်ဆိုင်ရာ ဌာနများ၏ ကုန်အညွှန်းဖော်ပြချက်များကိုပါ တိကျစွာ လိုက်နာဖော်ပြဆောင်ရွက် သွားစေလိုပါ ကြောင်းနှင့် ရပ်ကွက် ဈေးဆိုင်များမှ စ၍ ဈေးဆိုင်ကြီးများ၊ Supermarket ကြီးများတွင် ကုန်အညွှန်း အမှတ်အသား (Label) များပြည့်စုံမှန်ကန်စွာ ဖော်ပြထားသည့် ကုန်ပစ္စည်းများသာ ရောင်းချစေရေး ကြပ်မတ်စစ်ဆေးပေးခြင်းဖြင့် စားသုံးသူများလုံခြုံစိတ်ချရမှုရှိစေရန် စားသုံးသူရေးရာဦးစီးဌာန(DOCA) ဝန်ထမ်းများမှ ထာဝရ ကြိုးစားနေကြမည်သာ ဖြစ်ပါသည်။

ဒေါက်တာသရဖီထွန်း

     DOCA (YGN)