Main menu

မိုးမြေပဲစိုက်ပျိုးထုတ်လုပ်မှုအခြေအနေ

Powered by Drupal

           မြင်းခြံခရိုင်သည်မြို့နယ်(၄)ခုဖြင့် ဖွဲ့စည်းထားရှိပြီးစိုက်ပျိုးရေးအနေဖြင့် မြေပဲကိုအဓိထား စိုက်ပျိုးကြပါသည်။ မြေပဲတွင် ပင်တောင်နှင့်ပင်ပြန့်(၂)မျိုးရှိပါရာ ပင်တောင်မြေပဲမျိုးသည် စိုက်ပျိုး ရက်ပေါင်း (၁၁၀) မှ (၁၃၀) အတွင်းခူးဆွတ် ရိတ်သိမ်းရပြီး ပင်ပြန့်မျိုးသည် ရက်ပေါင်း (၁၃၀) မှ (၁၅၀) အတွင်း ခူးဆွတ်ရိတ်သိမ်းလေ့ရှိပါသည်။

        မြင်းခြံခရိုင်၏၂၀၂၀-၂၀၂၁ခုနှစ် ယခင်နှစ်မိုးမြေပဲစိုက်ဧကမှာ (၁၇၉၀၅၂) ဧကရှိပြီး အထွက်နှုန်းမှာ (၄၀.၀၅) တင်းနှုန်းဖြင့် တင်းပေါင်း (၇၁၇၁၀၃၂) တင်းထွက်ရှိခဲ့ပါသည်။ ၂၀၂၁-၂၀၂၂ခုနှစ်တွင် မိုးမြေပဲကို (၁၈၀၆၉၄) ဧကစိုက်ပျိုးခဲ့ပြီး ဒီဇင်ဘာလ စတုတ္တအပတ်အထိ ရိတ်သိမ်းဧကမှာ (၁၀၆၉၂၂) ဧက၊ အထွက်နှုန်းမှာ (၄၂.၄၀) တင်းနှုန်းဖြင့် တင်းပေါင်း (၄၅၃၃၄၉၂) တင်း ထွက်ရှိခဲ့ကြောင်း သက်ဆိုင်ရာဌာနများ၏ စာရင်းများအရသိရပါသည်။

        ယခင်နှစ်စိုက်ဧကထက် ပိုမိုစိုက်ပျိုးနိုင်ခဲ့ပြီး အထွက်နှုန်း အနေဖြင့်လည်း ပိုမိုထွက်ရှိခဲ့ပါသည်။၂၀၂၁-၂၀၂၂ခုနှစ် ခရိုင်အတွင်းရှိမြို့နယ်များ၏ စိုက်ပျိုးထုတ်လုပ် မှုအခြေအနေများမှာ မြင်းခြံမြို့နယ်တွင် စိုက်ဧက(၂၃၅၂၈)၊ ရိတ်ဧက(၁၈၉၄၀)ဧက၊ အထွက်နှုန်း (၄၆.၇၉)တင်း၊ အထွက်တင်းပေါင်း(၈၈၆၂၀၂)တင်း၊ တောင်သာမြို့နယ်တွင် စိုက်ဧက(၉၉၇၄၇) ဧက၊ ရိတ်ဧက(၅၀၂၁၁)ဧက၊ အထွက်နှုန်း(၃၉.၂၅)တင်းနှင့် အထွက်တင်းပေါင်း (၁၉၇၀၇၈)တင်း၊ နွားထိုးကြီးမြို့ နယ်တွင်စိုက်ဧက(၃၉၁၆၈)ဧက၊ ရိတ်သိမ်းဧက(၁၉၅၂၀)ဧက၊ အထွက်နှုန်း(၄၁.၅၁)တင်းနှင့်ငါန်းဇွန်မြို့ နယ်တွင်စိုက်ဧက(၁၈၂၅၁)ဧက၊ ရိတ်ဧက(၁၈၂၅၁)ဧက၊ အထွက်နှုန်း(၄၇.၄၆)တင်းနှုန်းဖြင့် တင်းပေါင်း (၈၆၆၁၉၂)တင်းထွက်ရှိခဲ့ပါသည်။ မိုးမြေပဲကို မေလနှင့်ဇွန်လတို့တွင်စတင်စိုက်ပျိုးကြပြီး၊ပင်ထောင်မျိုး မြေပဲကိုစက်တင်ဘာ၊အောက်တိုဘာ၊ပင်ပြန့်မျိုးမြေပဲကို နိုဝင်ဘာနှင့်ဒီဇင်ဘာလ  တို့တွင်ရိတ်သိမ်း လေ့ရှိကြောင်းသိရပါသည်။ မြေပဲကိုစားသုံးဆီအဖြစ် အသုံးပြုသည်သာမက မြေပဲကြော် မြေပဲဆား လှော်နှင့် မုန့်ပဲသွားရေစာများတွင်လည်းကောင်း၊အခြားမုန့်အမျိုးမျိုးတွင်ရောစပ်၍လည်းကောင်း၊ဟင်းချက်စရာအဖြစ်လည်း ကောင်းအသုံးပြုကြပါသည်။ ထို့အပြင် ဆီထုတ်ယူပြီး မြေပဲကြိတ်ဖတ်ကို တိရိစ္ဆာန်အစာအဖြစ် မွေးမြူရေးလုပ်ငန်းများတွင် အရေးပါသည့် ကုန်ကြမ်းအနေဖြင့် အသုံးပြုကြပါသည်။ ယခင်လ မြေပဲဆံဈေးအနေဖြင့် ဆီဆံတစ်ပိဿာလျှင် (၂၁၀၀)ကျပ်၊ လုံးဆံတစ်ပိဿာလျှင် (၂၂၀၀)ကျပ်ဖြစ်ပေါ်ခဲ့ပြီး ယခုလအတွင်းဆီဆံ(၂၄၀၀)ကျပ်၊ လုံးဆံ(၂၅၀၀)ကျပ်နှင့် မြေပဲကြိတ်ဖတ် တစ်ပိဿာလျှင်မြို့ပေါ် ဈေး(၁၁၀၀)ကျပ်နှင့် ရွာဈေးအနေဖြင့် (၉၀၀)ကျပ်၊ မြေပဲဆီသန့်တစ်ပိဿာလျှင် (၆၃၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ပါသည်။

          ယခင်နှစ်ထက် စိုက်ပျိုးဧက ပိုမိုစိုက်ပျိုးပြီး တစ်ဧကအထွက်နှုန်းများလည်း ၂.၃၅တင်း ပိုမိုထွက်ပြီး ဈေးကောင်းရရှိသဖြင့် တောင်သူများပိုမိုစိုက်ပျိုးသင့်ကြောင်း ပြည်ပဆီတင်သွင်းမှုအား လျော့ချနိုင်ရေးနှင့် ပြည်တွင်းဆီစက်လုပ်ငန်းများ ပိုမိုကြိတ်ခွဲ ထုတ်လုပ်နိုင်ရေးအတွက် တစ်ဖက် တစ်လမ်းမှ အထောက်အကူပြုသကဲ့သို့ နိုင်ငံတော်နိုင်ငံခြားငွေအသုံးချမှု လျော့ချစေနိုင်ပြီး ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း ပိုမိုရရှိစေမှာဖြစ်ပြီး လူနေမှုဘဝ တိုးတက်မြင့်မားလာစေမည် ဖြစ်ကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။‌

DOCA(မန္တလေး)