Main menu

ပခုက္ကူမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေး

Powered by Drupal

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ပခုက္ကူခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုဖြင့် (၇-၁၁-၂၀၂၃) ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ပခုက္ကူမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း၌ အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူ(၃၁၅)ဦးနှင့် ဆရာ၊ ဆရာမ(၁၂) ဦး၊ စုစုပေါင်း(၃၂၇)ဦးတို့တက်ရောက်ခဲ့ကြပါသည်။

     ဟောပြောပွဲတွင် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး ဦးစီးမှူး ဒေါ်ကြည်ကြည်စိုးက ဌာန၏ဆောင်ပုဒ်၊ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ ဌာန၏သမိုင်းကြောင်းများနှင့် ဌာနမှဆောင်ရွက်နေသည့်လုပ်ငန်းများအကြောင်း၊  ဒုတိယဦးစီးမှူး ဒေါ်ဝါဝါကြည်က စားသုံးသူကာကွယ်ရေးဥပဒေ၊ အခန်း(၉)ပါ စားသုံးသူအခွင့်အရေး(၈)ချက်နှင့်  စားသုံးသူများလိုက်နာရမည့် တာဝန်(၄)ချက်ကို သိရှိနားလည်စေရန် ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီးနောက် မိမိတို့ရရှိမည့်အခွင့်အရေးများကို တောင်းခံနိုင်မည်ဖြစ်ကြောင်း၊ စားသုံးသူများလိုက်နာရမည့်တာဝန်များကိုလည်း တိတိကျကျလိုက်နာရန်လိုအပ်ကြောင်း၊ ဒုတိယဦးစီးမှူး ဒေါ်ပပရွှေက စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားများတွင် ထည့်သွင်းဖော်ပြရမည့် အချက်(၈)ချက်ကို တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများအား ကျယ်ကျယ်ပြန့်ပြန့်ရှင်းလင်းခဲ့ပြီး မိမိတို့ဝယ်ယူစားသောက်၊ သုံးစွဲမည့်ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာပါဝင်မှုရှိ/မရှိကိုကြည့်ရှု၍ ရွေးချယ်ဝယ်ယူစားသောက်စေလိုကြောင်း၊ ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှသာလျှင် သုံးစွဲစေလိုကြောင်း၊ စားသုံးသူမိဘပြည်သူများက တိကျစွာလိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။

 ဆက်လက်၍ ဦးစီးမှူး ဒေါ်ကြည်ကြည်စိုးက မိဘပြည်သူများအခွင့်အရေးများကိုသိရှိပြီး နစ်နာဆုံးရှုံးမှုရှိခဲ့လျှင် တိုင်ကြားနိုင်ရန် စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ “CICC” ရုံးများဖွင့်လှစ်ထားရှိပြီးဖြစ်၍ တိုင်ကြားနိုင်ကြောင်း၊ ထို့ပြင် Facebook စာမျက်နှာတွင်လည်းကောင်း၊ DOCA Myanmar Application တွင်လည်းကောင်း၊ Consumer Call Center No. (1535) သို့လည်းကောင်း တိုင်ကြားနိုင်ကြောင်းနှင့် တိုင်ကြားနိုင်သူများအကြောင်းကိုလည်း ကျယ်ကျယ်ပြန့်ပြန့်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများက သိရှိလိုသည်များကိုမေးမြန်းခဲ့ရာ ပြန်လည်ဖြေကြားခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအား မိမိတို့ဟောပြောခဲ့သည့်အကြောင်းအရာများကို နားလည်နိုင်မှုစွမ်းရည်ရှိ/မရှိ ပြန်လည်မေးမြန်းခဲ့ပြီး ဖြေဆိုနိုင်သူများအား အမှတ်တရလက်ဆောင်များပေးအပ်ခဲ့ပြီး စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပါသည်။ ဟောပြောပွဲအပြီးတွင် ကျောင်းမုန့်ဈေးဆိုင်၌ စားသုံးရန်မသင့်သည့် အစားအသောက်များရောင်းချခြင်းရှိ/ မရှိကိုလည်း ကျောင်းအုပ်ဆရာမကြီးနှင့်အတူ စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)