Main menu

မုံရွာမြို့ရှိ “ 3 Stars ” မုန့်လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေး

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၃)ဦးတို့သည် ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ (၇) ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်ရှိ “3 Stars” မုန့်လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)၊ အခန်း(၁၈)အရ ကုန်အညွှန်းအမှတ်အသားဆိုင်ရာပြဋ္ဌာန်းချက်များနှင့်ပတ်သက်၍ စီးပွားရေးလုပ်ငန်းရှင်များ သိရှိလိုက်နာဆောင်ရွက်နိုင်စေရန်အတွက် အသိပညာပေးဆွေးနွေးခဲ့ပါသည်။

     ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ပုဒ်မ ၄၁။ (ခ) နှင့်(ဆ) တို့တွင်ဖော်ပြထားသည့် ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာ‌ရေးဆိုင်ရာဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်တို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ပါသည်။

   “3 Stars” မုန့်လုပ်ငန်းကို ၂၀၁၃ခုနှစ်မှစတင်၍ လုပ်ကိုင်ခဲ့ကြောင်း၊ မုန့်အမျိုးအစား (၆)မျိုးကျော်ထုတ်လုပ်ပြီး မုန့်အစိုများကို စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် မုံရွာမြို့ပေါ်ဈေးရပ်ကွက်များသို့ ဖြန့်ဖြူးရောင်းချကြောင်း၊ ကိတ်ခြောက်များကို မန္တလေးမြို့သို့အများဆုံးတင်ပို့ပြီး မန္တလေးမြို့မှတစ်ဆင့် တစ်နိုင်ငံလုံးသို့ဖြန့်ချိပေးပါကြောင်း၊ လက်ရှိဝန်ထမ်းအင်အား(၄၀)ဦးဖြင့် လုပ်ငန်းလည်ပတ်လျက်ရှိကြောင်းဆွေးနွေးသိရှိခဲ့ရပြီး စက်မှုလုပ်ငန်းသုံးဆီများကိုလည်း လုပ်ငန်းတွင် အမှန်တကယ်သုံးစွဲရန်လိုအပ်ကြောင်း ဆွေးနွေးရှင်းလင်းခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)