စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်အနေဖြင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာထည့်သွင်းဖော်ပြရေးအတွက် ဈေးကွက်ရောက်ပြီးသောကုန်စည်များသာမက ဈေးကွက်မရောက်မီကုန်စည်များကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ လစဉ်ဆောင်ရွက်လျက်ရှိရာ ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူး၊ ရွှေဘိုမြို့နယ်တာဝန်ခံ၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံတို့သည် (၇-၁၁-၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် ရွှေဘိုမြို့နယ်၊ အမှတ်(၇)ရပ်ကွက်ရှိ ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။
ထိုသို့စစ်ဆေးရာတွင် ဒု-ခရိုင်ဦးစီးမှူးက ဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအကြောင်းများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါအကြောင်းများ၊ စားသုံးသူနစ်နာဆုံးရှုံးမှုများရှိပါက တိုင်ကြားနိုင်သည့်အကြောင်းများနှင့် ညှိနှိုင်းဆောင်ရွက်ပေးမှုအခြေအနေများကို အသိပညာပေးဆွေးနွေးခဲ့ပြီး စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)