Main menu

တံတားဦးမြို့နယ်မှ သင်ဖြူးဖျာလုပ်ငန်း

Powered by Drupal

          မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ်၊ လက်ဆောင်ယူကျေးရွာနေ ပြည်သူများသည် စိုက်ပျိုးရေးလုပ်ငန်းအပြင် လက်မှုလုပ်ငန်းဖြစ်သည့် သင်ဖြူးဖျာယက်လုပ်ခြင်း လုပ်ငန်းကို ကျေးရွာတစ်ရွာထုတ်ကုန်တစ်မျိုး (One Village One Product)အဖြစ် လုပ်ကိုင်ကြပါသည်။သင်ဖြူးဖျာယက်လုပ်ခြင်းလုပ်ငန်းကို ဘိုးဘွားအစဉ်အလာမပျက်ယက်လုပ်ကြပြီး ကုန်ကြမ်းအား ဧရာဝတီတိုင်းဒေသကြီး၊ပန်းတနော်မြို့နယ်မှ ဝယ်ယူရရှိပါသည်။ ယခင်ကကုန်ကြမ်းဝယ်ယူရာတွင် ဧရာဝတီမြစ်ရိုးတလျှောက် သင်္ဘောများဖြင့် သွားရောက်ဝယ်ယူရသော်လည်း ယခုအခါတွင် လမ်းပန်းဆက်သွယ်ရေးများ ကောင်းမွန်လာသောကြောင့် လက်ဆောင်ယူကျေးရွာရှိ သင်ဖြူးဖျာ ကုန်သည်ပွဲစားများမှ ကိုယ်ပိုင်ကားများဖြင့် သွားရောက်ဝယ်ယူပြီး မိမိတို့ကျေးရွာရှိ တစ်ပိုင်တစ်နိုင်လုပ်ကိုင်ဆောင်ရွက်သူများကို တဆင့်ပြန်လည်ရောင်းချကြပါသည်။ သင်ဖြူးဖျာယက်လုပ်သူများသည် မိမိတို့တွင်ရှိသည့် အရင်းအနှီးပေါ်မူတည်၍ ကုန်ကြမ်းများဝယ်ယူ ယက်လုပ်ပြီး တစ်ပိုင်တစ်နိုင် လုပ်ငန်းမှသည် စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် လုပ်ကိုင်နေပါကြောင်း လက်ဆောင်ယူကျေးရွာနေ သင်ဖြူးဖျာယက်လုပ်သူတစ်ဦး၏ ပြောပြချက်အရသိရှိရပါသည်။

    သင်ဖြူးဖျာယက်လုပ်သူများသည် သင်ဖြူးဖျာများကို အကြီးဆိုဒ်(၅’×၆.၅’) ၊ အလတ်ဆိုဒ် (၄’×၅.၅’)၊ အသေးဆိုဒ်(၃’×၄.၅’)ဟူ၍ ဆိုဒ်(၃)မျိုး ယက်လုပ်ကြပါသည်။ ကုန်ကြမ်းဝယ်ယူမှုအနေဖြင့် သင်ဖြူးဖျာ(၂)ချပ် ယက်လုပ်ရန်အတွက် သင်တစ်ထုပ်ဝယ်ယူရပြီး သင်တစ်ထုပ်လျှင် (၂၅၀၀၀-၂၈၀၀၀)ကျပ် စျေးပေး၍ဝယ်ယူရပါသည်။ သင်ဖြူးဖျာတစ်ချပ် ယက်လုပ်ရာတွင် နှီးနွှာသူနှင့်ယက်လုပ်သူ (၂)ဦးလိုအပ်ပြီး လူတစ်ဦးလျှင် (၂)ရက်အတွင်း သင်ဖြူးဖျာ အကြီးဆိုဒ်(၃)ချပ် ယက်လုပ်နိုင်ကြောင်း၊ သင်ဖြူးဖျာလုပ်ငန်းလုပ်ကိုင်ကြသူများသည် ကိုယ်ပိုင်ကုန်ကြမ်း ဝယ်ယူပြီး မိမိကိုယ်တိုင် ယက်လုပ်သူများရှိသလို ပုတ်ပြတ်လုပ်သားများ ငှားရမ်း၍ ယက်လုပ်သူများလည်းရှိကြောင်း၊ ငှားရမ်းယက်လုပ်ရာတွင် လုပ်သားခအနေဖြင့် သင်ဖြူးဖျာ အကြီးဆိုဒ် တစ်ချပ်လျှင်(၃၀၀၀/-)ကျပ်၊ အလတ်ဆိုဒ်တစ်ချပ်လျှင်(၂၅၀၀/-)ကျပ်၊ အသေးဆိုဒ် တစ်ချပ်လျှင် (၂၀၀၀/-)ကျပ်စျေးနှုန်းများဖြင့် ယက်လုပ်ကြကြောင်း သိရှိရပါသည်။ သင်ဖြူးဖျာများအား အိမ်အရောက် ကုန်သည်ပွဲစားများမှ လာရောက်ဝယ်ယူလျက်ရှိရာ စျေးနှုန်းအနေဖြင့် ကတ္တီပါအနားကွပ် တစ်ချပ်လျှင် အကြီးဆိုဒ်(၂၅၀၀၀/-)ကျပ်၊ အလတ်ဆိုဒ် (၁၈၀၀၀/-)ကျပ်၊ အသေးဆိုဒ်(၁၆၀၀၀/-)ကျပ်၊ ရိုးရိုးသင်ဖြူးဖျာ တစ်ချပ်လျှင်အကြီးဆိုဒ် (၂၂၅၀၀/-)ကျပ်၊ အလတ်ဆိုဒ်(၁၅၅၀၀/-)ကျပ် ၊ အသေးဆိုဒ်(၁၃၅၀၀/-)ကျပ်ရရှိပြီး သင်ဖြူးဖျာယက်လုပ်သူများအနေဖြင့် ကုန်ကြမ်းသင်တစ်ထုတ် ဝယ်ပြီး ယက်လုပ်လျှင် အကျိုးအမြတ်အနေဖြင့်(၁၀၀၀၀/-)ကျပ် ခန့်ရရှိပါကြောင်း သိရှိရပါသည်။ လက်ဆောင်ယူကျေးရွာရှိ သင်ဖြူးဖျာယက်လုပ်သူများသည် ယခင်က သင်ဖြူးဖျာများကို ဘုရားပွဲစျေးများ၊ နယ်များသို့ လှည့်လည်ရောင်းချဖြန့်ဖြူးနိုင်ခဲ့သော်လည်း ကိုဗစ်-၁၉ ရောဂါများ ဖြစ်ပွားသည့်အချိန်တွင် ဘုရားပွဲတော်များကျင်းပရန်ခွင့်မပြုခြင်း၊ နယ်များသို့ လှည့်လည်ရောင်းချ နိုင်မှုမရှိခြင်းတို့ကြောင့် သင်ဖြူးဖျာယက်လုပ်ခြင်းလုပ်ငန်းများ ရပ်နားခဲ့ရပါသည်။ ယခုအခါတွင် ကိုဗစ်-၁၉ရောဂါများလျော့ပါးလာသည့်အတွက်ကြောင့် အရောင်းကုန်သည်များမှ လာရောက်ဝယ်ယူခြင်းနှင့် မန္တလေးစျေးကွက်သို့ တင်ပို့ရောင်းချခြင်းများပြုလုပ်လျက်ရှိပါသည်။ လက်ဆောင်ယူကျေးရွာရှိ သင်ဖြူးဖျာယက်လုပ်ငန်းသည် လက်မှုလုပ်ငန်းဖြစ်ပြီး ကျေးရွာတစ်ရွာထုတ်ကုန်တစ်မျိုး(One Village One Product)လုပ်ငန်းအဖြစ် အစဉ်အလာမပြတ် ယက်လုပ် ရောင်းချသည့်လုပ်ငန်းတစ်ခုဖြစ်ပါကြောင်း၊ ကျေးရွာသူကျေးရွာသားများအနေဖြင့် နေပူထဲလုပ်ကိုင် ရန်မလိုဘဲ နေရိပ်ထဲမှာပင် ကိုယ်ပိုင်လုပ်ငန်းအဖြစ် လုပ်ကိုင်နိုင်သည့်အတွက် ပုံမှန်ဝင်ငွေရရှိလာ၍ မိသားစုစားဝတ်နေရေးပြေလည်ပြီး လူနေမှုအဆင့်အတန်းမြင့်မားလာပါကြောင်း၊ အပိုဝင်ငွေများရရှိပြီး လူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရှိလာပါကြောင်း၊ သင်ဖြူးဖျာ ဝယ်ယူသုံးစွဲသူများအနေဖြင့် နွေရာသီတွင်အသုံးပြုပါက အပူဒဏ်သက်သာစေပြီး ကျန်းမာရေးအတွက်လည်းကောင်းမွန်သောကြောင့် ဝယ်ယူအသုံးပြုသူများ စိတ်ကျေနပ်မှုရရှိမည်ဖြစ်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

စားသုံးသူရေးရာဦးစီးဌာန မန္တလေးတိုင်းဒေသကြီး