Main menu

ဆိပ်ဖြူမြို့နယ်၏ (မိုး) ကြက်သွန်နီဥစိုက်ပျိုးမှုအခြေအနေ

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများသည် စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းကိုအခြေခံပြီး စီးပွားဖြစ်လုပ်ကိုင်ကြသည်။ စိုက်ပျိုးရေးလုပ်ငန်းအနေဖြင့် ကြက်သွန်နီသီးနှံကိုအဓိကထား၍ စိုက်ဧကအများဆုံးစိုက်ပျိုးပြီး နှစ်စဉ် မိုး၊ ဆောင်း နှစ်ရာသီစိုက်ပျိုးကြသည်။ ယခုမိုးနှောင်းရာသီ အောက်တိုဘာလမှစ၍ နိုဝင်ဘာလလယ်အထိ ကြက်သွန်နီ (ဥ) စိုက်များကို လှိုင်လှိုင်စိုက်ပျိုးကြသည်။  စိုက်ပျိုးမှုအနေဖြင့် ဆိပ်ဖြူမြို့၏ ဧရာဝတီမြစ်နှင့် ယောချောင်း ဆုံရာမြစ်ရိုးတစ်လျှောက်ရှိ မြို့ပေါ်(၄)ရပ်ကွက်နှင့် ကိုးထောင့်အုပ်စု၊ ကမ္ဘာကြီးအုပ်စု၊ ချင်တောင်အုပ်စု၊ အောက်ဆိပ်အုပ်စု၊ မြင်ကဝအုပ်စုရှိကျေးရွာများမှ မြစ်ရေဝင်ကိုင်းကျွန်းမြေများတွင် အများဆုံးစိုက်ပျိုးကြောင်းသိရှိရပါသည်။

  ကြက်သွန်နီ(ဥ)စိုက် စိုက်ပျိုးမှုအခြေအနေများကိုသိရှိနိုင်ရန် မြို့ပေါ်ရှိ ဒေသခံကြက်သွန်နီစိုက်ပျိုးထုတ်လုပ်ရောင်းဝယ်မှုလုပ်ငန်းရှင်တစ်ဦးနှင့်ဆက်သွယ်မေးမြန်းခဲ့ရာ ယခုနွေကြက်သွန်နီ (ပင်စိုက်)များမှာ ရောင်းဝယ်ချိန်ရာသီကုန်ခါနီးတွင် ကြက်သွန်နီဈေးနှုန်းမြင့်တက်လာ၍ ဒေသခံစိုက်တောင်သူများ ယခင်နှစ်ထက် စိုက်ပျိုးမှုများလာ၍ စိုက်ဧကများလာကြောင်း၊ ယခင်နှစ်တွင် ဧက(၇၀၀)ခန့်စိုက်ပျိုးခဲ့ပြီး ယခုနှစ်တွင် ဧက(၁၀၀၀)ခန့်မှန်းကြောင်း၊ မျိုးဥများကို ဒေသထွက် မျိုးစေ့ကျဲပက်မှရရှိပြီး အရည်အသွေးကောင်း၍ အထားခံသည့် အခွံထူရွှေဖလား(ထိပ်မောက်)မျိုးကိုစိုက်ပျိုးကြောင်း၊ မျိုးဥအနေဖြင့် (ကျမ်းကျွံ)နှင့်(ဇော်မွှား)မျိုးကိုစိုက်ပျိုးကြောင်း၊ (ကျမ်းကျွံ)မျိုးဥ တစ်ပိဿာလျှင် ကျပ် (၂၂၀၀/၂၃၀၀)၊ (ဇော်မွှား)တစ်ပိဿာလျှင် ကျပ်(၃၂၀၀/၃၅၀၀)တို့ဖြင့်ဝယ်ယူရကြောင်း၊ တစ်ဧကစိုက်ပျိုးရာတွင် လက်ပေါက်အစိပ်အကြဲနှင့် ဥအကြီး/အသေးမူတည်၍ ကျမ်းကျွံဥပိဿာ(၃၅၀မှ ၄၀၀)ပိဿာ၊ ဇော်မွှားဥပိဿာ(၂၀၀မှ ၂၅၀)ပိဿာခန့်ကုန်ကျကြောင်း၊ ကြက်သွန်နီ(မိုး)ကို ဒီဇင်ဘာလတွင် စတင်တူးဖော်ပြီး ဇန်နဝါရီလတွင် လှိုင်လှိုင်တူးဖော်မည်ဖြစ်ကြောင်း၊ တစ်ဧကလျှင် ယခင်နှစ်တွင် ပျမ်းမျှပိဿာ(၄၀၀၀မှ ၅၅၀၀)ပိဿာခန့်ထွက်ရှိကြောင်းသိရှိရပါသည်။

  စိုက်တောင်သူမှာ ယခုနှစ်တွင် ကြက်သွန်နီ မိုးစိုက်(ဥစိုက်)(၃)ဧကစိုက်ပျိုးကြောင်း၊ ကျမ်းကျွံဥမျိုးစိုက်ပျိုးပြီး တစ်ဧကလျှင် ပိဿာ(၄၀၀)ခန့်နှင့် သုံးဧကလျှင် ပိဿာ(၁၂၀၀)ခန့်ကုန်ကျပြီး တစ်ပိဿာလျှင် ကျပ် (၂၅၀)ဈေးဖြင့်ဝယ်ယူရ၍ မျိုးဥစိုက်ပျိုးစရိတ်မှာ ကျပ်သိန်း(၃၀)ကုန်ကျကြောင်း၊ ယခင်နှစ်တွင် တစ်ဧကလျှင် ကုန်ကျစရိတ် ကျပ်(၂၅)သိန်းခန့်ကုန်ကျကြောင်း၊ တစ်ဧကလျှင် ပိဿာ(၅၀၀၀)ခန့်ထွက်ရှိပြီး တစ်ပိဿာလျှင် ကျပ်(၂၀၀၀)ဖြင့်ရောင်းချရ၍ အကျိုးအမြတ်များစွာရရှိခဲ့ကြောင်း၊ ယခုနှစ်တွင်လည်း ရာသီဥတုကောင်းမွန်၍ အထွက်နှုန်းကောင်းပြီး ကြက်သွန်နီ(ဥ)တစ်ပိဿာလျှင် အနိမ့်ဈေး ကျပ်(၂၀၀၀) ခန့်ဖြင့်ရောင်းချရပါက စိုက်ပျိုးတောင်သူများ အကျိုးအမြတ်များစွာရရှိမည်ဟုမျှော်လင့်ကြောင်း၊ စိုက်ပျိုးသူတောင်သူများအနေဖြင့် (၃)ဧကစိုက်ပျိုး၍ ဒီဇင်ဘာလကုန်တွင်တူးဖော်ပြီး အခင်းကျွတ်များ၌ သီးထပ်သီးနှံအဖြစ် ကြက်သွန်နီ ဆောင်းစိုက်/ပင်စိုက်စိုက်ပျိုးရန်နှင့် မျိုးစေ့ပက်ပျိုးခုံများပြုလုပ်ရန်အတွက် မြေပြုပြင်ဆောင်ရွက်လျက်ရှိကြကြောင်းသိရှိရပါသည်။

DOCA(မကွေး)