Main menu

ကျောက်ခက်ပန်း သို့မဟုတ် ဒေသပန်း

Powered by Drupal

   ဘားအံမြို့ အနီးဝန်းကျင်ရှိ ထုံးကျောက်တောင်များတွင်  ယခုရက်ပိုင်းအတွင်း ကျောက်ခက်ပန်းများ စပေါ်လာပြီး ဈေးများတွင် ရောင်းချနေကြောင်း သိရသည်။ ကရင်လူမျိုးများအနေဖြင့် အဆိုပါ ကျောက်ခက်ပန်းကို လုံဖော့ဟုလည်း ခေါ်ကြသည်။ ကျောက်ခက်ပန်းများသည် ဘားအံမြို့ ဇွဲကပင်တောင်နှင့် တခြားထုံးကျောက်‌တောင်များ၌ ဆောင်းဦးကာလတွင် သဘာဝအတိုင်းပေါ်ပေါက်လာသော ပန်းတစ်မျိုး ဖြစ်သည့်အပြင် ဘားအံမြို့နယ်အတွင်း ထုံးကျောက်တောင်ပေါင်း တစ်ရာကျော်ခန့်ရှိပြီး အဆိုပါ ကျောက်ခက်ပန်းများသည် ထုံးကျောက်တောင်များတွင်သာ ပေါက်လေ့ရှိပြီး ဘားအံဒေသကလွဲလျှင် တခြားဒေသများမှာ ကျောက်ခက်ပန်းများကို တွေ့ရဖို့ခက်ခဲလှသည်။

  ကျောက်ခက်ပန်းများသည် ဘုရားပန်းထိုးလျှင်  အနည်းဆုံး ၁၅ ရက်လောက်အထိ တာရှည်ခံ ပါသည်။ ဘားအံမြို့ပေါ်ရှိဈေးများတွင် ကျောက်ခက်ပန်းများကို အစည်းကြီး (၁) စည်းလျှင်- ၂၀၀၀/ကျပ် အစည်းသေး (၁)စည်းလျှင်- ၁၀၀၀/-ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိပြီး ယခုလိုရာသီတွင် ဒေသခံပြည်သူများအနေဖြင့် ကျောက်ခက်ပန်း ခူးထွက်ခြင်း၊ ဈေးတွင် အလွယ်တကူဝယ်ယူ၍ ဘုရားပန်းအဖြစ် ကပ်လှူပူဇော်ကြသော  ပန်းတစ်မျိုးဖြစ်ကြောင်း သိရသည်။

   ထုံးကျောက်တောင်များပေါ်တွင်သာ ပေါက်လေ့ရှိသည့် ကျောက်ခက်ပန်းများသည်   တောင်များပေါ် မူတည်၍ အရောင်ကွဲတတ်ကြသေးသည်။ ယခုလိုအချိန်တွင် ဇွဲကပင်တောင်တက်ပါက ‌တောင်နံရံများ၌ ကျောက်ခက်ပန်းများကို တွေ့ရှိရပြီး ဆောင်းရာသီကုန်ချိန်တွင် ကျောက်ခက်ပန်းများ   နွမ်းခြောက်ကုန်ပါသည်။ ယခုလို ကျောက်ခက်ပန်းပေါ်ချိန်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိ ကျောက်တောင်ကြီးများပေါ်၌ သဘာဝအတိုင်းလှချင်တိုင်းလှနေသော ကျောက်ခက်ပန်း သို့မဟုတ် ဒေသပန်းများကို လှပစွာ မြင်တွေ့ရလျက်ရှိကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(ကရင်)