
ပြည်ခရိုင်၏ နှမ်းသီးနှံဈေးကွက်၏ ဈေးနှုန်းများမှာ ၂၀၂၁ခုနှစ်တွင် နှမ်းဈေးမှာ တစ်တင်းလျှင် ၃၀၀၀၀ကျပ်မှ ၆၀၀၀၀ကျပ်အထိတို့ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ၂၀၂၂ခုနှစ်တွင် နှမ်းဈေးများမြင့်တက်လာခဲ့ကာ တစ်တင်းလျှင် ၈၀၀၀၀ကျပ်ခန့်မှ ၁၀၀၀၀၀ကျပ်ခန့်အထိ ရောင်းဝယ်မှုဖြစ်ခဲ့ပါသည်။ ထိုသို့ဈေးနှုန်းမြင့်တက်လာရခြင်းမှာ စိုက်ဧကလျော့နည်းသွားသောကြောင့် အထွက်နှုန်းများလည်းလျော့နည်းသွားပြီး ဝယ်လိုအားကောင်းလာသည့်အတွက် နှမ်းဈေးများ မြင့်တက်လာရခြင်းဖြစ်သည်ဟု ခန့်မှန်းရပါသည်။ ယခု၂၀၂၃ခုနှစ်၊ နှစ်ဆန်းပိုင်းတွင် နှမ်းဈေးများအနေဖြင့် နှမ်းနီတစ်တင်းလျှင် ၇၃၀၀၀ကျပ်၊ နှမ်းနက်တစ်တင်းလျှင် ၈၆၀၀၀ကျပ်နှင့် စမုံနက်နှမ်းတစ်တင်းလျှင် ၈၈၀၀၀ကျပ်ဖြင့် ဈေးစတင်ဖွင့်ခဲ့ပါသည်။ ဖေဖော်ဝါရီလတွင် နှမ်းနီတစ်တင်းလျှင် ၈၃၀၀၀ကျပ်၊ နှမ်းနက်တစ်တင်းလျှင် ၉၃၀၀၀ကျပ်နှင့် စမုံနက်နှမ်းတစ်တင်းလျှင် ၁၀၀၀၀၀ကျပ်အထိ ဈေးများမြင့်တက်လာခဲ့ပါသည်။ နွေနှမ်းများစိုက်ပျိုးချိန်ဖြစ်သဖြင့် ဈေးကွက်အတွင်း နှမ်းလက်ကျန်ရှားလာပြီး ရန်ကုန်၊ မန္တလေးဝယ်လက်များက အဝယ်ရှိသောကြောင့် ဈေးမြင့်တက်လာခဲ့ပါသည်။ မတ်လနှင့် ဧပြီလတွင် နွေနှမ်းများ ဈေးကွက်ရောက်ချိန်ဖြစ်သော်လည်း ဈေးငြိမ်နေခဲ့ပါသည်။ မေလ၊ ဇွန်လနှင့် ဇူလိုင်လတွင် မိုးနှမ်းများစိုက်ပျိုးနေချိန်ဖြစ်၍ နှမ်းနီတစ်တင်းလျှင် ၈၈၀၀၀ကျပ်၊ နှမ်းနက်တစ်တင်းလျှင် ၉၆၀၀၀ကျပ်နှင့် စမုံနက်နှမ်းတစ်တင်းလျှင် ၁၀၃၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ ဩဂုတ်လနှင့် စက်တင်ဘာလတို့တွင် နှမ်းနီတစ်တင်းလျှင် ၁၀၆၀၀၀ကျပ်နှင့် စမုံနက်နှမ်းတစ်တင်းလျှင် ၁၁၆၀၀၀ကျပ်ဖြင့် မိုးနှမ်းပေါ်စအချိန်တွင် နယ်ဝယ်လက်နှင့် မန္တလေးဝယ်လက်များအဝယ်လိုက်၍ ဈေးနှုန်းမြင့်တက်လာခဲ့ပါသည်။ အောက်တိုဘာလ တတိယပတ်တွင် နှမ်းနီတစ်တင်းလျှင် ၁၀၁၀၀၀ကျပ်၊ နှမ်းနက်တစ်တင်းလျှင် ၉၅၀၀၀ကျပ်နှင့် စမုံနက်နှမ်းတစ်တင်းလျှင် ၁၀၆၀၀၀ကျပ်ဖြင့်ရောင်းချပြီး ယခုနိုဝင်ဘာလ ပထမပတ်တွင် နှမ်းနီတစ်တင်းလျှင် ၁၀၀၀၀၀ကျပ်၊ နှမ်းနက်တစ်တင်းလျှင် ၉၃၀၀၀ကျပ်နှင့် စမုံနက်နှမ်းတစ်တင်းလျှင် ၁၀၆၀၀၀ကျပ်ဖြင့် မန္တလေးနှင့် အောင်လံဝယ်လက်များက ဝယ်ယူမှုရှိသဖြင့် တစ်နေ့လျှင် (၃)တင်းဝင် အိတ်(၃၀၀)ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်းသိရပါသည်။
၂၀၂၃ခုနှစ်တွင် နှမ်းစိုက်ဧကနည်းသွားသော်လည်း အထွက်နှုန်းကောင်း၍ ဈေးကောင်းရသောကြောင့် နှမ်းစိုက်တောင်သူများ အကျိုးအမြတ်ရရှိသောအချိန်ဖြစ်ပါသည်။ အထွက်နှုန်းကောင်းမွန်သည့်နှမ်းမျိုးကောင်းများကို ရွေးချယ်၍စိုက်ပျိုးမည်ဆိုပါက ပြည်တွင်းတွင် စားသုံးဆီဖူလုံမည့်အပြင် နှမ်းဆီကို အဆင့်မြှင့်တင်ပြီး နိုင်ငံခြားသို့တင်ပို့မည်ဆိုပါက နိုင်ငံခြားဝင်ငွေလည်းရရှိလာနိုင်မည်ဖြစ်ပါသည်။ ဆီစက်များအနေဖြင့်လည်း စားသုံးဆီကိုအဆင့်မြှင့်တင်၍ ထုတ်လုပ်လာနိုင်ပါက အသေးစား၊ အငယ်စား၊ အလတ်စား MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာနိုင်မည်လည်းဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
DOCA(ပဲခူး)