Main menu

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် မြေပဲစိုက်ပျိုးပြီးစီးမှုအခြေအနေ

Powered by Drupal

   မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်ရှိ ရှမ်းကလေးကျွန်းကျေးရွာ၊ ဖရဲကျွန်းကျေးရွာ၊ တောင်သမန်ကျေးရွာတို့တွင် မြေပဲကို သီတင်းကျွတ်လဆန်းတွင် စတင်စိုက်ပျိုးကြပြီး အခြားဒေသများကဲ့သို့ မိုးကိုမျှော်ပြီး စိုက်ပျိုးရသည့်မြေပဲမျိုး မဟုတ်ပါ။ဧရာဝတီမြစ်ရေတိုး၍ ကျချိန်တွင် သဲနှုန်းမြေများ ကျန်ရစ်သည့် ကျွန်းများနှင့် တောင်သမန်အင်းနှင့် တက်သေးအင်းတို့ရေကျချိန်တွင် စတင်စိုက်ပျိုးကြပါ သည်။ယခုနှစ်မုန်တိုင်းများကြောင့် မြစ်ရေကျချိန် သီတင်းကျွတ်လဆန်းတွင် ထပ်တိုးရေတို့ကြောင့် ရေကျနောက်ကျသည့်အတွက် ရက်သတ္တပတ်(၂)ပတ်ခန့် နောက်ကျခဲ့ပြီး သဲနှုန်းမြေနုတို့တွင် မြေပဲစိုက်ပျိုးရာတွင် တန်းသွားစနစ်၊ ကျင်းတူးစနစ်တို့ဖြင့် မြေပဲစိုက်ပျိုးကြပါတယ်။မြေတစ်ဧကစိုက်ပျိုးရာတွင် မြေပဲဆံ(၁၀)ပြည်မှ(၁၈)ပြည်အထိ စိုက်ပျိုးကြပါတယ်။ကျင်းတူးစနစ်တွင် တစ်ကျင်းလျှင်(၃)စေ့ ခန့် စိုက်ပျိုးကြပြီး ယခင်နှစ်မြေပဲစိုက်ရာသီတွင် မျိုးမြေပဲဆံတစ်ပြည်လျှင်(၅၀၀၀)ကျပ်၊ အတောင့်တစ် တင်းလျှင် (၂၅၀၀၀) ကျပ်သာရှိခဲ့ပြီး ယခုနှစ် မျိုးမြေပဲဆံတစ်ပြည်လျှင်(၇၀၀၀)ကျပ်၊ အတောင့် တစ်တင်းလျှင်(၄၀၀၀၀) ကျပ်ခန့်ရှိကြောင်း သိရှိရပါတယ်။ လယ်ထွန်လုပ်သားခအနေဖြင့် ယခင်နှစ်တွင် (၁၅၀၀၀)ကျပ်သာပေးခဲ့ရပြီး ယခုနှစ်တွင် (၁၈၀၀၀မှ၂၀၀၀၀) ကျပ်ခန့်ပေးရကြောင်း၊ စိုက်ပျိုးရေးဆေးနှင့် ပစ္စည်းများမှာ ယခင်နှစ်ကထက် နှစ်ဆဈေးတက်ကြောင်း စိုက်ပျိုးသည့်တောင်သူများထံမှ သိရှိရပါသည်။မြေပဲခင်းများအတွင်း တိရစ္ဆာန်များ စားသောက်ဖျက်ဆီးမှုကာကွယ်ရန် သီးထပ်သီးညှပ်အဖြစ် ဖရဲ၊ သခွား၊ ခရမ်းသီး၊ ကျောက်ဖရုံသီး၊ ကြက်ဟင်းခါးသီး များစိုက်ပျိုးထားပြီး ပိုလျှံသည့်သီးနှံများကို  ပြန်လည်ရောင်းချကြောင်းသိရှိရပါသည်။ အခြားမြို့နယ်များတွင်  မြေပဲဆံ တစ်ပိဿာလျှင် (၅၃၀၀) ကျပ်ဖြင့် (၂၅) ပိဿာဝင် တအိတ်လျှင် (၁၃၂၅၀၀) ကျပ်ဖြ့င့် ဝယ်ယူ၍ ကြိတ်ခွဲရကြောင်း မြင်းခြံမြို့နယ်ရှိ ဆီစက်လုပ်ငန်းရှင်တစ်ဦးမှ ပြောကြားပါတယ်။ မြေပဲမှာ နတ်တော်၊ ပြာသိုလလောက်တွင် နှုတ်သိမ်းရပြီး၊ မိုးလေဝသသဘာဝဘေးအန္တရာယ်ကင်းရှင်းမည်ဆိုပါက မြေပဲအထွက်နှုန်းကောင်းပြီး မြေပဲများ အမရပူရမြို့နယ်၊ ရှမ်းကလေးကျွန်းကျေးရွာ၊ ဖရဲကျွန်းကျေးရွာ၊ တောင်သမန်ကျေးရွာတို့တွင် အထွက်နောက်ကျသော်လည်း ယခုနှစ်တွင်မြေပဲများ ဈေးကောင်းရမည်ဟု မျှော်မှန်းကြောင်း တောင်သူများမှ ပြောကြားချက်အရ သိရှိရပါတယ်။

DOCA(မန္တလေး)