မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ပထမပတ်တွင် ဖြစ်ပေါ်ခဲ့သော နွေကြက်သွန်နီဈေးနှုန်းများမှာ အကြီးစတစ်ပိဿာလျှင် (၃၀၀၀)ကျပ် မှ(၃၂၀၀)ကျပ်၊ အလတ်စတစ်ပိဿာလျှင်(၂၈၅၀)ကျပ်မှ (၂၉၀၀)ကျပ်၊ အသေးစတစ်ပိဿာလျှင် (၂၆၀၀)ကျပ်မှ(၂၇၀၀)ကျပ်များဖြင့် အရောင်းအဝယ်ဖြစ်ပေါ်ခဲ့ပြီး၊ ဈေးကွက်အတွင်းသို့ ဝင်ရောက်မှုအနေဖြင့် နေ့စဉ်ကုန်ချိန်ပိဿာပေါင်း(၇၆၀၀၀)ကျော် ဝင်ရောက်ခဲ့ပါသည်။ တင်ပို့မှုအနေဖြင့် မန္တလေး၊ ရန်ကုန်၊ နေပြည်တော်၊ မော်လမြိုင်၊ မူဆယ်မြို့များသို့ တန်ချိန်(၃၀၁)တန်၊ ပိဿာချိန်အားဖြင့်(၁၈၄၃၂၉)ပိဿာ တင်ပို့နိုင်ခဲ့ပါသည်။
ယခု နိုဝင်ဘာလ ဒုတိယပတ်တွင် နွေကြက်သွန်နီဈေးနှုန်းများအနေဖြင့် ယခင်တစ်ပတ်အတိုင်း ဈေးနှုန်းပြောင်းလဲမှုမရှိပဲ ဆက်လက်ရောင်းဝယ်လျက်ရှိပါသည်။ ကြက်သွန်နီစိုက်ပျိုးသော ကျေးရွာများမှ မြင်းခြံဈေးကွက်သို့ နေ့စဉ်ဝင်ရောက်မှုအနေဖြင့် ကုန်ချိန် ပိဿာ(၅၈၀၀၀)ကျော် ဝင်ရောက်ခဲ့ပြီး ယခင်ပထမပတ်နှင့်ဝင်ရောက်မှုနှိုင်းယှဉ်လျှင် ပိဿာချိန် (၁၈၀၀၀)ခန့် လျော့နည်းခဲ့ပါသည်။ တင်ပို့မှုအနေဖြင့် ယခင်တစ်ပတ်တွင် တင်ပို့ခဲ့သော ဒေသများ အတိုင်းတင်ပို့ခဲ့ပြီး၊ စုစုပေါင်းတန်ချိန်(၃၁၈)တန်၊ ကုန်ချိန်ပိဿာအားဖြင့် (၁၉၄၇၄၀)ပိဿာ တင်ပို့ နိုင်ခဲ့သည့်အတွက် ယခင်ပထမပတ်ထက် (၁၇)တန်၊ ကုန်ချိန်အားဖြင့်(၁၀၄၁၁)ပိဿာ ပိုမိုတင်ပို့နိုင်ခဲ့ပါသည်။
ကြက်သွန်နီများကို မြင်းခြံမှ အခြားဒေသများတင်ပို့ရာတွင် (၁၂)ဘီးကားဖြင့် တင်ပို့ကြပြီး ဒေသအလိုက် ကားတင်ပို့မှုနှုန်းထားများမှာ မြင်းခြံမှ မန္တလေးသို့ တစ်ပိဿာလျှင် (၃၅)ကျပ်၊ မြင်းခြံမှရန်ကုန်သို့ တစ်ပိဿာလျှင် (၁၃၀)ကျပ်၊ မြင်းခြံမှ နေပြည်တော်သို့ တစ်ပိဿာလျှင် (၁၀၀)ကျပ်၊ မြင်းခြံမှ မူဆည်သို့ တစ်ပိဿာလျှင် (၁၆၀)ကျပ်များဖြင့် တင်ပို့ရောင်းဝယ်ဖောက်ကား လျက်ရှိကြောင်း ကြက်သွန်နီကုန်သည်တစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။
DOCA(မန္တလေး)