မကွေးတိုင်းဒေသကြီး၊ ကုန်စည်ဒိုင်အစည်းအဝေးခန်းမ၌ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ(၁၄)ရက်နေ့၊ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် ကိုဗစ်-၁၉ရန်ပုံငွေမှ ချေးငွေရယူထားခဲ့ပြီး ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလတွင် ချေးငွေသက်တမ်း (၃)နှစ်ပြည့်မြောက်သည့် မကွေးမြို့ရှိ လုပ်ငန်းရှင်(၃၀)ဦးအား မကွေးတိုင်းဒေသကြီး၊ ကိုဗစ်ချေးငွေစိစစ်ကြပ်မတ်ရေးအဖွဲ့၏ တာဝန်ရှိသူများက ခေါ်ယူတွေ့ဆုံပြီး ချေးငွေအတိုးနှင့်အရင်းများပေးဆပ်ရန် တိုက်တွန်းသည့်အစည်းအဝေးဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။
ပထမဦးစွာ မကွေးတိုင်းဒေသကြီး၊ ကိုဗစ်-၁၉သက်ရောက်မှုကြောင့် ထိခိုက်မှုရှိသော စီးပွားရေးလုပ်ငန်းများအား ကိုဗစ်-၁၉ရန်ပုံငွေမှထုတ်ပေးထားသည့်ချေးငွေများ အကျိုးရှိစွာအသုံးချမှုအပေါ် စိစစ်ကြပ်မတ်ရေးအဖွဲ့ဥက္ကဋ္ဌက ချေးငွေများချေးရန် စတင်စာချုပ်ချုပ်ဆိုခဲ့စဉ်က ချေးငွေသက်တမ်းမှာ (၁) နှစ်ဖြစ်သော်လည်း ယခုအခါ (၃)နှစ်ပြည့်မြောက်ပြီဖြစ်သည့်အပြင် ကိုဗစ်-၁၉ရောဂါများလည်းမရှိတော့သည့်အတွက် နိုင်ငံတော်က ကိုဗစ်-၁၉ရန်ပုံငွေချေးငွေများအား စာရင်းပိတ်သိမ်းလိုက်ပြီဖြစ်၍ အမြန်ဆုံးချေးငွေအတိုးနှင့်အရင်းများပေးဆပ်ကြရန် တိုက်တွန်းလိုကြောင်း၊ ပေးဆပ်ခြင်းမရှိပါက သတိပေးစာများထုတ်၍ Blacklist စာရင်းသွင်းကာ ဘဏ်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။
ဆက်လက်၍ အတွင်းရေးမှူးက စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကတိသစ္စာမှာ အရေးကြီးကြောင်း၊ ချေးငွေအတိုးနှင့်အရင်းများကို သတ်မှတ်ကာလအတွင်း ပေးဆပ်လိုက်ခြင်းအားဖြင့် ယုံကြည်မှုတည်ဆောင်ပြီးသားဖြစ်ပါကြောင်း၊ သတ်မှတ်ကာလအတွင်း ပေးဆပ်သည့်အတွက် နောက်ထပ် ချေးငွေများပြန်လည်လျှောက်ထားသည့်အခါ ယုံယုံကြည်ကြည်ဖြင့် ထောက်ခံပေး၍ရမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။
ထို့နောက် စီးပွားရေးဘဏ်မန်နေဂျာက အဖွဲ့ဝင်တစ်ဦးဖြစ်သည့်လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ချေးယူထားသည့်ငွေများကို သတ်မှတ်ကာလအတွင်း အချိန်မီအမြန်ဆုံးပေးဆပ်ကြစေလိုကြောင်း၊ ဘဏ်မှသတိပေးစာများထုတ်၍ အကြောင်းကြားရလျှင် မိမိတို့လုပ်ငန်းနာမည်ထိခိုက်နစ်နာမည်ဖြစ်ပါကြောင်း တိုက်တွန်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးဖိုနီက ကျွန်တော်တို့အသင်းအဖွဲ့ဝင်များကို သတိပေးစာများထုတ်၍ အကြောင်းကြားခံရခြင်း၊ Blacklist စာရင်းသွင်းခြင်းခံရသည်ကိုမမြင်လိုကြောင်း၊ ကိုဗစ်-၁၉ ချေးငွေများကို အချိန်မီ အတိုးနှင့်အရင်းပေးဆပ်ခြင်းဖြင့် မိမိတို့အသင်းပုံရိပ်နှင့် လုပ်ငန်းပုံရိပ်မြင့်တက်လာမည်ဖြစ်ကြောင်း တိုက်တွန်းပြောကြားခဲ့ပြီး အစည်းအဝေးကို နေ့လယ်(၁၆း၀၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ မကွေးတိုင်းဒေသကြီး၊ စိစစ်ကြပ်မတ်ရေးအဖွဲ့ဝင်များ၊ ကုန်သည်/စက်မှုဥက္ကဋ္ဌနှင့် လုပ်ငန်းရှင်(၂၇)ဦးတက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။
DOCA(မကွေး)