
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် နှစ်စဉ် ကြက်သွန်နီ(ပင်စိုက်)စိုက်ပျိုးမှုကို ဒေသစီးပွားဖြစ် အဓိကအများဆုံးစိုက်ပျိုးကြသည်။ ယခုနှစ်တွင်လည်း ဆောင်းစိုက်၊ ပင်စိုက်စိုက်ပျိုးရန်အတွက် တောင်သူအများစုသည် ၂၀၂၃ခုနှစ်၊ အောက်တိုဘာလလယ်မှစ၍ မျိုးစေ့ကြဲပက်ပျိုးခင်းများပြုလုပ်ဆောင်ရွက်လျက်ရှိသည်။ မျိုးဖြင့်ကြဲပက်စိုက်တောင်သူများသည် မိမိတို့စိုက်ခင်းအတွက်လည်းကောင်း၊ ပြန်လည်ရောင်းချရန်အတွက်လည်းကောင်း မျိုးစေ့(၄)ဘူး၊ (၁)ပြည်မှစ၍ (၁)တင်း၊ (၁၆)ပြည်အထိ ပျိုးခုံ၊ ပျိုးခင်းများပြုလုပ်ကြသည်။
ယခုနှစ်တွင် မျိုးစေ့ကြဲပက်ပြုလုပ်ဆောင်ရွက်မှုအခြေအနေကိုသိရှိရန်အတွက် မြို့ပေါ်ရှိ ကြက်သွန်နီစိုက်ပျိုးထုတ်လုပ်ရောင်းဝယ်ရေးလုပ်ငန်းရှင်တစ်ဦးနှင့် ဆက်သွယ်မေးမြန်းဆောင်ရွက်ခဲ့ပါသည်။ စိုက်တောင်သူမှာ ယခုနှစ်တွင် ကြက်သွန်နီမျိုးစေ့တစ်တင်းလျှင်(၀.၅)ဧကခန့် ပျိုးခင်းပြုလုပ်စိုက်ပျိုးကြောင်း၊ မျိုးစေ့တစ်ပြည်လျှင် ကျပ်(၁)သိန်းဈေးဖြင့်ဝယ်ယူရကြောင်း၊ အောက်တိုဘာလကုန်ပိုင်းတွင် ပျိုးခုံပြုလုပ်ကြဲပက်ခဲ့ကြောင်း၊ ကြဲပက်ပြီး(၄၅)ရက်သားခန့်တွင် ပျိုးပင်နုတ်မည်ဖြစ်ပြီး ဒီဇင်ဘာလ၊ ဇန်နဝါရီလတွင် စိုက်ပျိုးမည်ဖြစ်ကြောင်း၊ ပျိုးပင်များကို မိမိတို့ပြန်လည်စိုက်ပျိုးသည့်အပြင် ပိုလျှံသည့်ပျိုးပင်များကို ရောင်းချသွားမည်ဖြစ်ကြောင်း၊ ယခုနှစ်တွင် မျိုးစေ့စရိတ်၊ သွင်းအားစုစရိတ်၊ အလုပ်သမားငှားရမ်းခစရိတ်ကြီးမြင့်ခြင်းကြောင့် ကုန်ကျစရိတ်မှာ ယခင်နှစ်ထက်များကြောင်း၊ ကျပ်(၂၈)သိန်းခန့်ကုန်ကျမည်ဟုခန့်မှန်းကြောင်း စိုက်တောင်သူကပြောကြားခဲ့သည်။
ယခင်နှစ်တွင် မျိုးစေ့တစ်ပြည်လျှင် ကျပ်(၃)သောင်းခန့်ဖြင့်ဝယ်ယူခဲ့ရပြီး (၀.၅)ဧကတွင် မျိုးစေ့တစ်တင်းစိုက်ပျိုးရ၍ ကျပ်(၁၀)သိန်းခန့်ကုန်ကျခဲ့ကြောင်း၊ မျိုးစေ့တစ်ပြည်ပျိုုးထားသော ပျိုးပင်များကို ကျပ်(၂)သိန်းဈေးဖြင့်ရောင်းချရ၍ ကျပ်(၁၅)သိန်းခန့်အကျိုးအမြတ်ရရှိခဲ့ကြောင်း၊ ယခုနှစ်တွင် မျိုးစေ့တစ်ပြည်လျှင် ကျပ်(၁)သိန်းဖြင့်ဝယ်ယူရပြီး တစ်ပြည်ပျိုးခ ကျပ်(၃)သိန်းကျင်ခန့်ဖြင့် ရောင်းချရမည်ဆိုလျှင် အကျိုးအမြတ်များစွာရရှိမည်ဖြစ်ပြီး မိုးကြက်သွန်နီဥစိုက်များကိုတူးဖော်ချိန်တွင် ယခင်နှစ်ကဲ့သို့ ဈေးနှုန်း၊ ဈေးကွက်ကောင်းမွန်ရန်မျှော်လင့်ကြောင်း၊ ပျိုးပင်ဈေးကွက်လည်းကောင်းမွန်မည်ဖြစ်ကြောင်း စိုက်တောင်သူထံမှသိရှိရပါသည်။
DOCA(မကွေး)