Main menu

ပေါ်ဦးပေါ်ဖျား ပြည်ဒေသထွက်ဆီးသီးများ

Powered by Drupal

  ယခုလို နိုဝင်ဘာလလယ် ဆောင်းရာသီအခါ သမယတွင် ပေါ်ဦးပေါ်ဖျားဖြစ်သည့် ပြည်ဒေသထွက်ဆီးသီးများ မြို့ပေါ်ဈေးများသို့ စတင်ဝင်ရောက်လာပါသည်။ ယခုကာလတွင် ပြည်မြို့အနောက်ဘက်ကမ်းရှိ ညောင်ပင်သာရွာ၊ ရွှေဘုံသာရွာ၊ မန်ကျည်းစုရွာ၊ ဆင်တဲကျေးရွာများမှ ဝင်ရောက်မှုရှိနေပြီး လှိုင်လှိုင်ပေါ်ချိန်ဖြစ်သော နတ်တော်၊ ပြာသိုလများမှသာ ပြည်မြို့အနီးတစ်ဝိုက် မှော်ဇာရွာ၊ ဇီးအုပ်ရွာ၊ နတ်တလင်းကျေးရွာများမှ လှိုင်လှိုင်ဝင်ရောက်ကြောင်းလည်း သိရသည်။ ဝင်ရောက်မှုရှိသော ဆီးသီးများမှာ ချိုချဉ်အရသာရှိကာ ဆောင်းရာသီဓါတ်စာအဖြစ် စားသုံးကြပြီး စားသုံးသူတိုက်ရိုက်ဝယ်ယူစားသုံးကြသလို အချဉ်ပေါင်းသည်များမှ လက်ကား ဝယ်ယူ ပြီး ရောင်းချကြကြောင်းလည်း သိရပါသည်။ ဆီးသီးကိုအစိမ်းစားလေ့ရှိပြီး ငံပြာရည်၊ ငရုတ် သီးမှုန့်၊ ဆားတို့နှင့်တို့စား၊ သုပ်စားကြသည့် အလေ့လည်းရှိပါသည်။ ဆီးသီးအမှည့်ကို အခြောက်လှန်းကာ ထန်းလျက်ဖြင့် ယိုထိုး၍လည်း စားသုံးကြပါသည်။ ဆီးယိုပြုလုပ်ရောင်းချသူများမှ ဆီးသီး လှိုင်လှိုင်ပေါ်ချိန်မှသာ ဝယ်ယူသိုလှောင်ကြကြောင်းလည်း သိရပါသည်။

          ဆီးသီးတွင် ဗီတာမင် C, K, A ၊ အမျှင်ဓါတ်နှင့် ပိုတက်စီယမ်ဓါတ်တို့ ပါဝင်သည့်အတွက် ကိုယ်ခံစွမ်းအားကို တိုးတက်မြင့်မားစေကော အအေးမိ၊နှာစေး၊ချောင်းဆိုးခြင်းများကို မဖြစ်စေဘဲ စိတ်နှလုံးတည်ငြိမ်ကာ စိတ်ဖိစီးမှု ဖြေလျော့ပေးနိုင်ပြီး အာရုံကြောများကို ငြိမ်းအေးစေ၍ သဘာဝအတိုင်း နှစ်ခြိုက်စွာ အိပ်ပျော်စေနိုင်ပါသည်။ သည်းခြေအားနည်းသည့် စိတ်ဝေဒနာရှင် များအား ဆီးသီးနှင့် ဆီးယိုတို့ကို ဓါတ်စာအဖြစ်စားသုံးနိုင်ပြီး အမျှင်ဓါတ်ပါဝင်ခြင်းကြောင့် အူကို သန့်စင်စေပြီး အစာခြေစနစ်ကောင်းမွန်ကာ ဝမ်းမှန်စေပါသည်။ ဗီတာမင် C ကြွယ်ဝ၍ မကောင်းသော LDL ကိုလက်စထရောများကို ဖယ်ရှားပေးပြီး အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုမှ ကာကွယ်ပေးကာ အသားအရေကြည်လင် တောက်ပစေပါသည်။ ဆီးသီးသည် ကျန်းမာရေးအကျိုးကျေးဇူး များစွာရှိသော်လည်း အလွန်အကျွံစားသုံးပါက ဆီးကျောက်တည်ခြင်းကို ဖြစ်ပေါ်စေနိုင်ပြီး ဆီးသီးနှင့်စားတော်ပဲ တွဲစားမိပါက ဝမ်းလျှောစေနိုင်ကြောင်းလည်း သိရပါသည်။ ပြည်မြို့ပေါ် ဈေးများတွင် ဆီးသီးနို့ဆီတစ်ဘူးလျှင် ကျပ် ၂၅၀ - ၃၀၀ ခန့်ဖြင့် ရောင်းချကြပြီး တစ်ပြည်လျှင် ကျပ် ၂၀၀၀ - ၂၂၀၀ ခန့်ဖြင့် လက်ကားရောင်းချကြောင်းလည်း သိရပါသည်။

DOCA(ပဲခူး)