Main menu

စစ်ကိုင်းမြို့နယ်၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းရုံး၌ စားသုံးသူကာကွယ်ရေးဆိုင်ရာသိကောင်းစရာများ အသိပညာပေးဟောပြော

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်အနေဖြင့် စားသုံးသူကာကွယ်ရေးအသိပညာပေးလုပ်ငန်းများကို ဌာနဆိုင်ရာများ၊ ကျောင်းများ၊ အသင်းအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာများ စသည့်နေရာဒေသများသို့သွားရောက်၍ ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ  ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ၂၁ရက်နေ့၊ နံနက်(၁၀း၃၀)နာရီအချိန်တွင် စစ်ကိုင်းမြို့နယ်၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းရှိ    ဝန်ထမ်း(၃၉)ဦးအား စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း သိကောင်းစရာများ  အသိပညာပေး ဆွေးနွေးဟောပြောခဲ့ပါသည်။

    ရှေးဦးစွာ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဒေါ်ခင်မြတ်မူက စားသုံးသူရေးရာဦးစီးဌာနပေါ်ပေါက်လာပုံသမိုင်းကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ခုနှစ်၊  မတ်လ(၁၅)ရက်နေ့တွင်ပြဋ္ဌာန်းခဲ့ပြီး အခန်း(၂၅)ခန်းနှင့် ပုဒ်မ ၈၄ခုပါဝင်ကြောင်း၊ စားသုံးသူကာကွယ်ရေးနည်းဥပဒေကို ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ (၁၈)ရက်နေ့တွင် ပြဋ္ဌာန်းခဲ့ပြီးဖြစ်ပါကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၉)၊ ပုဒ်မ(၁၉)နှင့် ပုဒ်မ(၂၀)တို့တွင် ပြဋ္ဌာန်းထားသည့် စားသုံးသူအခွင့်အရေး (၈)ချက်နှင့် စားသုံးသူ၏တာဝန်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ ခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းတင်က စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၈)၊ ပုဒ်မ (၄၁)တွင် စီးပွားရေးလုပ်ငန်းရှင်သည် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ သိသာထင်ရှားစွာဖော်ပြရမည့်အချက် (၈)ချက်ကို အသေးစိတ်ရှင်းလင်းပြောကြားခြင်း၊ ပုဒ်မ ၄၁၊ ပုဒ်မခွဲ(ခ)နှင့် ပုဒ်မခွဲ(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း၊ ပုဒ်မ(၄၃)ပါ ပြဋ္ဌာန်းချက်နှင့်ကိုက်ညီမှုမရှိသည့် ကုန်စည်ကိုထုတ်လုပ်ခြင်း၊ ကုန်သွယ်ခြင်း သို့မဟုတ် ရောင်းချခြင်းမပြုရန် ပုဒ်မ(၆၈)၌ ပြဋ္ဌာန်းထားပြီး ပုဒ်မ(၆၈)ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို နှစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်း ၂၀၀ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေသည် စားသုံးသူများကိုကာကွယ်ပေးခြင်းနှင့် လုပ်ငန်းရှင်များကိုထိန်းကြောင်းပေးသည့် ဥပဒေတစ်ခုဖြစ်ပါကြောင်း၊ ပြည်သူတိုင်းသည် စားသုံးသူများဖြစ်ပြီး စားသုံးသူတိုင်းမှာ စားသုံးသူအခွင့်အရေးများရှိကြောင်း၊ စားသုံးသူအခွင့်ရေးနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ပါက  မိမိတို့ဌာနသို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းဖြင့်ဖြစ်စေ၊ Facebook page မှဖြစ်စေ၊  Website၊ Gmail တို့ဖြင့်ဖြစ်စေ တိုင်ကြားနိုင်ကြောင်းဟောပြောခဲ့ပြီး ဌာနသို့ဆက်သွယ်ရန် လိပ်စာများပါသည့် စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်းများဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)