မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ လက်ပံတောကျေးရွာ၌ တောင်သူများ စိုက်ပျိုးထားသည့် ချည်မျှင်ရှည်ဝါ၊ ငွေချည်(၁၁)ဝါများကို ယခု၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ(ဒုတိယပတ်)မှစ၍ စတင်ကောက်ယူနေပြီဖြစ်ကြောင်း သိရှိရပါသည်။
လက်ပံတောကျေးရွာတွင် ချည်မျှင်ရှည်ဝါစိုက်ဧက(၅၀၀)ကျော်ကို တောင်သူ(၇၀)ဦးမှစိုက်ပျိုး ထားရှိပြီး နှစ်စဉ်ဇူလိုင်လမှစတင်၍စိုက်ပျိုးကြရာ နိုဝင်ဘာလနှင့်ဒီဇင်ဘာလတို့တွင် အသုတ်လိုက် ကောက်ယူကြကြောင်းသိရှိရပါသည်။ ချည်မျှင်ရှည်ဝါ၊ ငွေချည်(၁၁)ဝါ(၁၅)ဧကစိုက်ပျိုးသော တောင်သူ ဦးတင်ဆန်းနှင့်ဆွေးနွေးခဲ့ရာ ယခုနှစ်တွင် ဝါကို(၂)ဧကခန့်ကောက်ယူပြီးဖြစ်၍ တစ်ကြိမ်ကောက်ယူလျှင် ပိဿာ(၆၀-၇၀)ပိဿာခန့် ကောက်ယူရကြောင်း၊ ဝါတစ်ဧကလျှင် (၅)ကြိမ်မှ(၆)ကြိမ်အထိကောက်ယူရ ကြောင်း၊ ယခင်နှစ်တွင် ဝါတစ်ဧကလျှင် ထုတ်လုပ်မှုကုန်ကျစရိတ်အနေဖြင့် ကျပ်(၄၅၀၀၀၀)ခန့် ကုန်ကျ ခဲ့ရပြီး ယခုနှစ်တွင် မျိုးသွင်းအားစု လုပ်သားခများ ဈေးနှုန်းမြင့်တက်မှုကြောင့် ဝါတစ်ဧကလျှင် ကျပ် (၆၀၀၀၀၀)ထိ ပိုမိုကုန်ကျခဲ့ကြောင်း၊ ဝါအထွက်နှုန်းအားဖြင့်တစ်ဧကလျှင် ပိဿာ(၃၅၀-၄၀၀)ပိဿာ အထိထွက်ရှိကြောင်း၊ ယခု၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ(တတိယပတ်)တွင် ဝါတစ်ပိဿာလျှင် ကျပ်(၃၀၀၀) ရောင်းရ၍ တစ်ဧကလျှင် ကျပ်(၅)သိန်းမှ(၆)သိန်းအထိ အကျိုးအမြတ်ရရှိကြောင်း၊ ထွက်ရှိသောဝါများကို စလင်းမြို့ပေါ်ရှိ ပြည့်ရတနာ၊ စိန်သရဖူပွဲရုံများသို့ရောင်းချကြပြီး ပွဲရုံများသို့(၁)ရက်လျှင် ဝါပိဿာချိန် (၁၀၀၀-၂၀၀၀)အထိအရောင်းအဝယ်ဖြစ်ကြောင်း ပွဲရုံနှင့်လာရောက်ရောင်းချသော တောင်သူများထံမှ သိရှိရပါသည်။
DOCA(မကွေး)