မန္တလေးသကြားနှင့်သကာရည်ကုန်စည်ဒိုင်အသင်း(သကြားကုန်စည်ဒိုင်) စျေးကွက်အတွင်း နိုဝင်ဘာလနောက်ဆုံးပတ်တွင် ကြံကျိုချက်သည့်ပွက်သားလက်ကျန် နည်းပါးမှုကြောင့် ၁ ပိဿာ လျှင် ၃၀၀၀ကျပ်နှင့် ၃၀၅၀ ကျပ်အကြားစျေးဖြင့် ငြိမ်နေကြောင်း သိရသည်။ ယခုနှစ်ကြံရိတ်သိမ်း မည့်ရာသီတွင် မုတ်သုံ မိုးရွာသွန်းမှုများကြောင့် ကြံရိတ်သိမ်းမှုနောက်ကျနိုင်ကြောင်း သိရသည်။ ကြံရိတ်သိမ်းမည့်အချိန်တွင်မိုးရွာပါက(၁၅)ရက်နောက်ဆုတ်ပြီးမှရိတ်သိမ်းမှသာကြံအချိုဓါတ်ပြည့်ဝစွာရရှိနိုင်ကြောင်း သကြားကုန်စည်ဒိုင်အသင်းဥက္ကဌဦးမွန်နား၏ပြောပြချက်အရသိရသည်။စျေးကွက်အတွင်း နိုဝင်ဘာလနောက်ဆုံးပတ်(၂၈.၁၁.၂၀၂၃)နေ့တွင် ပေါင်းသကြားတစ်ပိဿာလျှင် ၃၆၅၀ကျပ် နှင့်၃၇၀၀ကျပ်အကြား၊ခါသကြားတစ်ပိဿာလျှင် ၃၃၅၀ကျပ်၊ ကြံကျိုချက်သည့် ပွက်သားတစ်ပိဿာ လျှင်၃၀၀၀ကျပ်နှင့် ၃၀၅၀ကျပ်အကြား၊ခါစက်ကျရည် တစ်ပိဿာလျှင် ၂၀၀၀ကျပ်၊ပေါင်းစက်ကျရည် တစ်ပိဿာလျှင် ၇၅၀ ကျပ်နှင့် ၁၃၅၀ ကျပ်အကြားစျေးဖြင့် ရောင်းဝယ်လျက်ရှိကြောင်း မန္တလေး သကြားနှင့်သကာရည် ကုန်စည်ဒိုင်အသင်းမှ သိရသည်။
မြန်မာနိုင်ငံတွင် ကြံသီးနှံအများအပြားစိုက်ပျိုးထုတ်လုပ်သည့်ဒေသများမှာ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊နေပြည်တော်၊ပဲခူးတိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး နှင့် မကွေးတိုင်း ဒေသကြီးတို့ဖြစ်ပါသည်။ ၂၀၂၂-၂၀၂၃ ခုနှစ်အတွင်းမြန်မာတစ်နိုင်ငံလုံးကြံစိုက်ပျိုးမှု(၄၁၆၃၉၁)ဧက ဖြစ်ပြီး၊ကြံထွက်ရှိမှု (၁၁၀၄၁၀၆၄)တန် ထွက်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာနစာရင်းများအရ သိရှိရ ပါသည်။ ၂၀၂၂-၂၀၂၃ ခုနှစ်ကြံရာသီတွင် တရုတ်နိုင်ငံသို့ ကြံ ၂၇၈၃၅၁.၁၂၀ တန်တင်ပို့နိုင်ခဲ့ပြီး၊ တန်ဖိုးအမေရိကန်ဒေါ်လာ ၁၄.၀၅၇ သန်း ရရှိခဲ့ကြောင်း သိရသည်။ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ကြံသီးနှံ (ခင်းသစ်)တစ်ဧကလျှင် စိုက်ပျိုးစရိတ် ၁၄ သိန်းကျော်ဖြစ်ပြီး၊ ဒေသအနီးအဝေးအပေါ် မူတည်၍ သကြားစက်များမှ စက်ရုံအရောက် ကြံတစ်တန်လျှင် ၇၄၀၀၀၀ ကျပ်နှင့် ၉၅၀၀၀၀ ကျပ်အကြား စျေးအသီးသီးဖြင့် ဝယ်ယူကြိတ်ခွဲခဲ့ကြောင်းသိရသည်။ ယခုနှစ်၂၀၂၃-၂၀၂၄ကြံရာသီတွင်ငွေရည်ပုလဲ သကြားစက်နှင့် မိုင်းရယ်သကြားစက်များမှ ကြံတစ်တန်လျှင် စက်ရုံအရောက်စျေး ၁၂၀၀၀၀၀ ကျပ် ဖြင့်စာချုပ်ချုပ်ဆိုဝယ်ယူလျှက်ရှိသည့်အတွက် ကြံစိုက်တောင်သူများအနေဖြင့် တစ်ဧကအထွက်နှုန်း တိုးတက်ရရှိရေးအလေးထားဆောင်ရွက်ရန် နှိုးဆော်ထားကြောင်း သိရသည်။
DOCA(မန္တလေး)