Main menu

၂၀၃၁ခုနှစ်တိုင်အောင် ပြည်ပမှ ပဲမျိုးစုံတင်သွင်းမှုအပေါ် အိန္ဒိယ မှီခိုရဖွယ်ရှိ

Powered by Drupal

အိန္ဒိယနိုင်ငံတွင် ပဲမျိုးစုံနှင့် စားသုံးဆီတို့၏ ဝယ်လိုအားနှင့် ရောင်းလိုအားတို့ ကွာဟချက်

ကြီးမားနေမှုအရ ၎င်းကုန်စည်များအား ပြည်ပမှ ပမာဏများပြားစွာတင်သွင်းမှုကို (၂၀၃၀-၃၁) ခုနှစ်အထိ ဆောင်ရွက်ရဖွယ်ရှိကြောင်း နယူးဒေလီမြို့အခြေစိုက် နိုင်ငံတကာစီးပွားဆက်ဆံရေး သုတေသနဆိုင်ရာ အိန္ဒိယကောင်စီ (Indian Council for Research on International Economic Relations - ICRIER) ရှိ NABARD လယ်ယာစီးပွားသုတေသနဗဟိုဌာနက သုတေသနစာစောင်တစ်ရပ်တွင် ဖော်ပြခဲ့ပါသည်။

   ၂၀၃၀ ပြည့်နှစ်၌ဖြစ်ပေါ်နိုင်မည့် အိန္ဒိယနိုင်ငံ၏ လယ်ယာထွက်ကုန်များဝယ်လိုအားနှင့်ရောင်းလိုအား အလားလာခန့်မှန်းချက်ဟူသော ခေါင်းစဉ်ဖြင့်ထုတ်ဝေသည့် အဆိုပါ အစီရင်ခံစာ အရ အိန္ဒိယနိုင်ငံ၏ ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်မှုမှာ (၂၀၂၂-၂၃) သီးနှံရာသီနှစ်တွင် တန်ချိန် ၂၆သန်းရှိရာမှ (၂၀၃၀-၃၁) ခုနှစ်၌ တန်ချိန် ၃၅သန်းအထိတိုးတက်လာမည်ဟုခန့်မှန်းရကြောင်း၊ သို့ရာတွင် ပြည်တွင်း၌ ပဲစားသုံးမှုမှာလည်း တန်ချိန် ၃၉.၂သန်းခန့်အထိ မြင့်တက်လာနိုင်သဖြင့် ပြည်ပမှ ပဲမျိုးစုံကို အမြောက်အမြားတင်သွင်းနေရဦးမည်ဖြစ်ကြောင်း၊ သို့ဖြစ်ရာ သွင်းကုန်အပေါ် အမှီပြုနေရမှုကို လျှော့ချနိုင်ရန်အတွက် မျိုးပြောင်းလဲခြင်းနှင့် ခေတ်မီလယ်ယာစိုက်ပျိုးရေးနည်းပညာများအသုံးပြုခြင်းတို့အပါအဝင် သီးနှံအထွက်ပမာဏကို မြှင့်တင်နိုင်မည့် လုပ်ငန်းစဉ်များကို ဖော်ဆောင်ရန်လိုအပ်ကြောင်း ဖော်ပြထားသည်။

      အိန္ဒိယနိုင်ငံအနေဖြင့် လက်ရှိကာလတွင် ပြည်တွင်းစားသုံးရန်လိုအပ်သော ပဲမျိုးစုံပမာဏ၏ ၁၅%ခန့်ကို ပြည်ပမှ တင်သွင်းခြင်းဖြင့် ဖြည့်ဆည်းနေရသည်။ အလားတူ နှစ်စဉ် တန်ချိန် ၂၄သန်းမှ ၂၅သန်းအကြား လိုအပ်ချက်ရှိသော စားသုံးဆီပမာဏ၏ ၅၆%ခန့်ကိုလည်း ပြည်ပမှ ဝယ်ယူတင်သွင်းလျက်ရှိသည်။

     ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်နိုင်စွမ်းကိုမြှင့်တင်ရန် နည်းပညာအသုံးပြုကျော်လွှားခြင်း သို့မဟုတ် စိုက်ပျိုးမြေဧရိယာတိုးချဲ့ခြင်းဟူသော နည်းလမ်းနှစ်သွယ်ဖြင့် ကာလရှည်၌ စားသုံးဆီလိုအပ်ချက်ကို မျှခြေရောက်ရှိအောင် ချိန်ညှိဖြေရှင်းနိုင်ကြောင်း၊ သို့ရာတွင် မုံညင်းစေ့၊ မြေပဲ၊ ပဲပုပ် စသည့် သမားရိုးကျဆီထွက်သီးနှံများဖြင့် ဆီဖူလုံမှုရှိအောင် ဆောင်ရွက်ရန်မှာ စိုက်ပျိုးမြေ ဟက်တာပေါင်း ၃၉သန်းခန့်ထပ်မံလိုအပ်မည်ဖြစ်ပြီး ကောက်ပဲသီးနှံစိုက်ပျိုးသည့် ဧရိယာလျော့ကျလျက် စားနပ်ရိက္ခာဖူလုံမှုအပေါ် ထိခိုက်နိုင်ခြေရှိကြောင်း၊ စားသုံးဆီတင်သွင်းရမှုကိုလျှော့ချနိုင် ရန် အင်ဒိုနီးရှားနှင့် မလေးရှားတို့ကဲ့သို့ ဆီအုန်း ၁ဟက်တာလျှင် ၄တန်ထွက်ရှိအောင် မြှင့်တင်ရမည်ဖြစ်ကြောင်းဖြင့် NABARD ၏အစီရင်ခံစာ၌ အကြံပြုဖော်ပြထားသည်။

       ထို့ပြင် လယ်ယာထွက်ကုန်များထုတ်လုပ်မှုမြှင့်တင်နိုင်ရေးအတွက် အစိုးရအနေဖြင့် ဆည်ရေပေးဝေခြင်း၊ ရာသီဥတုဒဏ်ခံနိုင်ရည်ရှိသော သီးနှံမျိုးစေ့များကို သုတေသနပြုဖော်ထုတ် ခြင်း၊ ကုန်ထုတ်လမ်းကွန်ရက်နှင့် လယ်ယာထွက်ကုန်ပြုပြင်ထုတ်လုပ်မှုတို့ကဲ့သို့သော အခြေခံအဆောက်အအုံများထူထောင်ခြင်းတို့တွင် ရင်းနှီးမြှုပ်နှံမှုများဆောင်ရွက်သင့်ကြောင်း၊ တန်ဖိုး မြင့်မားသည့် ကုန်စည်များထုတ်လုပ်မှုကို မြှင့်တင်နိုင်ရန်အတွက် သိုလှောင်ရုံများ၊ အအေးခန်းသိုလှောင်ရုံများ၊ အ‌အေးခန်းသယ်ယူပို့ဆောင်မှုများအပါအဝင် သိုလှောင်ထိန်းသိမ်းမှု၊ ပြုပြင်ထုတ်လုပ်မှုနှင့် ဈေးကွက်ဆိုင်ရာ အခြေခံအဆောက်အအုံများတွင်လည်း ရင်းနှီးမြှုပ်နှံမှုများတိုးမြှင့်သင့် ကြောင်း အဆိုပါသုတေသနစာစောင်၌ ဖော်ပြထားသည်။

Source: Financial Express, 28 Nov 2023