Main menu

ဆန်တင်ပို့မှုပိတ်ပင်ခြင်းအတွက် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၌ မေးမြန်းမှုများကို အိန္ဒိယရင်ဆိုင်ရ

Powered by Drupal

     ၂ဝ၂၃ခုနှစ်၊ နိုဝင်ဘာလ ၂၇ရက်နေ့တွင်ကျင်းပပြုလုပ်ခဲ့သည့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ လယ်ယာစိုက်ပျိုးရေးကော်မတီအစည်းအဝေးတွင် ဆွေးနွေးခဲ့မှုများအရ အိန္ဒိယနိုင်ငံအနေဖြင့် စားနပ်ရိက္ခာအခမဲ့ပေးအပ်သည့်အစီအစဉ်ဖြစ်သည့် PM Garib Kalyan Ann Yojna (PMGKAY) ကို (၅) နှစ်သက်တမ်းတိုးမြှင့်ခဲ့မှုနှင့် ဘာစမာတီမဟုတ်သောဆန်တင်ပို့မှုကို ပိတ်ပင်ရသည့် နောက်ခံအကြောင်းအရင်းများနှင့်စပ်လျဉ်း၍ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ရှိ ကမ္ဘာ့နိုင်ငံများ၏ခေါင်းဆောင်များသို့ ဆွေးနွေးတင်ပြသွားရမည်ဖြစ်ကြောင်း The Hindu Business Line ၏အစီရင်ခံစာတစ်ခုတွင် ရေးသားဖော်ပြထားပါသည်။

      အဆိုပါအစည်းအဝေးတွင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင်နိုင်ငံများဖြစ်ကြသည့် အမေရိကန်၊ ဥရောပသမဂ္ဂ၊ ကနေဒါ၊ ဩစတြေးလျ၊ ဆွစ်ဇာလန်နှင့် နယူးဇီလန်တို့သည် အိန္ဒိယနိုင်ငံ၌ တောင်သူများသို့ အစိုးရက အနိမ့်ဆုံးထောက်ပံ့ပေးသည့်ဈေးနှုန်းဆိုင်ရာ ကတိကဝတ်ပြုမှုများနှင့် ပို့ကုန်ကန့်သတ်ချက်များနှင့်စပ်လျဉ်း၍ မေးခွန်းများကို မေးမြန်းခဲ့ကြပါသည်။

       အိန္ဒိယနိုင်ငံသည် ပြည်တွင်းဆန်ရောင်းလိုအားကို တိုးမြှင့်နိုင်ရန်နှင့်  ပွဲတော်ရာသီကာလများအတွင်း ဆန်လက်လီဈေးနှုန်းများကို ထိန်းသိမ်းနိုင်ရန်အတွက် ဘာစမာတီမဟုတ်သောဆန် တင်ပို့မှုကို ၂ဝ၂၃ခုနှစ်၊ ဇူလိုင်လ ၂ဝရက်နေ့တွင် တားမြစ်ပိတ်ပင်ခဲ့ပါသည်။ စက်တင်ဘာလ ၂၇ရက်နေ့၌ ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင်ကျင်းပပြုလုပ်ခဲ့သော ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ လယ်ယာစိုက်ပျိုးရေးကော်မတီအစည်းအဝေး၌ အဖွဲ့ဝင်နိုင်ငံများ၏ မေးခွန်းများနှင့်စပ်လျဉ်း၍ အိန္ဒိယအစိုးရအရာရှိများက ဆန်တင်ပို့မှုပိတ်ပင်ခြင်းမှာ ကန့်သတ်မှုမဟုတ်ဘဲ ကြပ်မတ်ထိန်းကျောင်းရန် ဆောင်ရွက်သည့်နည်းလမ်းတစ်ခုသာဖြစ်ကြောင်းနှင့် အိန္ဒိယနိုင်ငံ၏ ၁.၄ဘီလီယံရှိသောလူဦးရေအတွက် စားနပ်ရိက္ခာဖူလုံမှုမှာ အရေးကြီးသောလုပ်ငန်းတစ်ခုဖြစ်သည့်အတွက် ဆန်တင်ပို့မှုကို ပိတ်ပင်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ကြပါသည်။

      Nomura Holdings Inc. ကော်ပိုရေးရှင်းမှ အိန္ဒိယနှင့် ဂျပန်ပြင်ပအာရှဒေသ စီးပွားရေးရာအကြီးအကဲဖြစ်သူ Sonal Varma က ပြည်တွင်းဆန်ဈေးနှုန်းများမြင့်တက်မည့် ဖိအားများ ဖြစ်ပေါ်နေသရွေ့ ကန့်သတ်ချက်များမှာ ဆက်လက်တည်ရှိနေမည်ဖြစ်ကြောင်းနှင့် အထွေထွေရွေးကောက်ပွဲပြီးသည့် အချိန်ကာလအထိ ပြည်တွင်းဆန်ဈေးနှုန်းများတည်ငြိမ်မှုမရှိပါက အဆိုပါ ဈေးနှုန်းထိန်းကျောင်းသည့်နည်းလမ်းများကို ချမှတ်ဆောင်ရွက်မှုကို  သက်တမ်းတိုးမြှင့်ကျင့်သုံးသွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

      အဆိုပါ သက်တမ်းတိုးမြှင့်ခဲ့သော PMGKAY အစီအစဉ်၏အောက်တွင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ပြည်တွင်းအထောက်အပံ့ပေးမှုဆိုင်ရာ ကတိကဝတ်များအပေါ် သက်‌ရောက်မှုရှိနိုင်မည့်အချက်ဖြစ်သော သတ်မှတ်ဈေးနှုန်းဖြင့် ဆန်ဝယ်ယူခြင်းအား လုပ်ဆောင်မည့်အခြေအနေရှိမရှိကို  ကနေဒါနိုင်ငံက မေးမြန်းခဲ့သည်။ အိန္ဒိယနိုင်ငံအနေဖြင့် PMGKAY အစီအစဉ်မှာ မည်သည့်အကြောင်းပြချက်‌ကြောင့် ပိုမိုထိရောက်မှုရှိသည်ကို ရှင်းလင်းဖြေကြားရန်ဖြစ်ကြောင်း ပြောဆိုမှုနှင့်အတူ ကုန်သွယ်မှုကဏ္ဍအတွက် ထိခိုက်မှုအနည်းဆုံးဖြစ်စေရန် ဆန်များကို လက်ရှိဈေးကွက်ပေါက်ဈေးအတိုင်းဝယ်ယူရန် ကနေဒါနိုင်ငံက အဆိုပြုဆွေးနွေးခဲ့ပါသည်။

     အိန္ဒိယအစိုးရက ဆန်တင်ပို့မှု ပိတ်ပင်သည့်အချိန်တွင် သတင်းမီဒီယာတချို့က ပြည်တွင်းဝယ်လိုအားကို ပြည့်မီစေမည့် ဆန်အလုံအလောက်ရှိကြောင်း ဖော်ပြခဲ့ကြပါသည်။ ၎င်းအချက်ကိုအခြေခံလျက် အမေရိကန်၊ ဗြိတိန်နှင့် ဆွစ်ဇာလန်တို့က ပို့ကုန်ကန့်သတ်သည့်အချိန်တွင် အိန္ဒိယအစိုးရက စဉ်းစားထားရှိသော ပြည်တွင်းလိုအပ်ချက်အတွက် ဆန်လက်ကျန်ပမာဏမှာ မည်မျှဖြစ်သည်ကို မေးမြန်းခဲ့ကြသည်။ အိန္ဒိယနိုင်ငံ၏ လယ်ယာကဏ္ဍနှင့်စပ်လျဉ်း၍ ပို့ကုန်ကန့်သတ်မှု၊  ပို့ကုန်အခွန်ကောက်ခံမှုနှင့် ပို့ကုန်ပိတ်ပင်မှု စသည့်ယာယီဆောင်ရွက်မှုနည်းလမ်းများ ချမှတ်ကျင့်သုံးမှုမှာ မည်သည့်အချိန်ကာလ၌ ပြီးဆုံးမည်ဖြစ်သည်ကို ရှင်းလင်းတိကျစွာသိရှိလိုကြောင်း ကမ္ဘာ့နိုင်ငံများက ပြောကြားခဲ့ကြပါသည်။       

Source: Business Standard, 27 Nov 2023