Main menu

ပြည်မြို့၌ လေးဆူဓာတ်ပျော် ရွှေဆံတော်ဗုဒ္ဓပူဇနိယပွဲကျင်းပပြုလုပ်

Powered by Drupal

    ပဲခူးတိုင်း (အနောက်ပိုင်း)ရှိ ပြည်မြို့နယ်တွင် ရွှေဆံတော်ဘုရားပွဲအား ယခု ၂၀၂၃ခုနှစ်တွင် စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်ကြသည်။ ရွှေဆံတော်ဘုရားမြတ်စွယ်တော်လှည့်ပွဲအား တန်ဆောင်မုန်းလဆန်း (၁၁)ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေအထိ (၅)ရက်တိုင်တိုင် ပွဲတော်ကျင်းပပြုလုပ်သည်။ ပြည်မြို့၊ ရွှေဆံတော်စေတီတော်မြတ်၏ ရင်ပြင်ပေါ်တွင်ရှိသော မြတ်စွယ်တော်ဂန္ဓကုဋီတိုက်၌ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ တန်ဆောင်မုန်းလဆန်း (၁၁)ရက်နေ့၊ ညနေ(၅း၀၀)နာရီအချိန်တွင် ကိန်းဝပ်ဆံပယ်တော်အပူဇော်ခံပြီး မြတ်စွယ်တော်အား ၁၂၄ကြိမ်မြောက် ဖွင့်လှစ်ပူဇော်ပွဲတွင် အခမ်းအနားဖြင့် ရင်ပြင်တော်ပေါ်၌ လက်ယာရစ်(၃)ပတ်လှည့်လည် အပူဇော်ခံပြီးနောက် တန်ဆောင်မုန်းလဆန်း(၁၃)ရက်နေ့၌ မြို့တွင်းသို့ လှည့်လည်အပူဇော်ခံပါသည်။ ပြည်မြို့ရှိ လေးဆူဓာတ်ပျော် ရွှေဆံတော်ဗုဒ္ဓပူဇနိယဘုရားပွဲတော်ကြီးကျင်းပရာ မြို့တွင်းသို့ မြတ်စွယ်တော်လှည့်လည်အပူဇော်ခံပွဲတွင် ယိမ်းကားများဖြင့် အလှပြဖျော်ဖြေရာတွင် နှစ်စဉ် မပါမဖြစ် ပါဝင်ကပြသည့်ယိမ်းမှာ လှေလှော်ယိမ်းနှင့်စည်တော်ယိမ်းတို့ဖြစ်သည်။ ထို့ပြင် အခြားယိမ်းကားများလည်းပါဝင်ပြီး မြို့ပေါ်ရပ်ကွက်မှ ယိမ်းကားများတွင် တေးသံရှင်အဆိုတော်များလည်း ပါဝင်သီဆိုဖျော်ဖြေကြပါသည်။ ပွဲဈေးတန်းအတွင်း မြန်မာရိုးရာအစားအသောက်များ လာရောက်ရောင်းချရာတွင် ဒေသထွက်အစားအစာများဖြစ်ပြီး ပွဲတော်ဈေးအတွင်းသာ အလွယ်တကူဝယ်ယူစားသောက်၍ရနိုင်သည့် ရေမုန့်၊ ဘိန်းမုန့်၊ ကောက်ညှင်းခြေထောက်၊ ကောက်ညှင်းဆိုင်း၊ မုန့်သိုင်းချုံ၊ မုန့်ပျားအုန် စသည့်ဒေသအခေါ်အဝေါ်အစားအစာများကိုလည်း ဝယ်ယူစားသောက်နိုင်ပါသည်။ ထို့ပြင် လူ့အသုံးအဆောင်ပစ္စည်းများ၊ ကလေးကစားစရာပစ္စည်းများ၊ သနပ်ခါးတုံးများနှင့် အဝတ်အထည်များ လာရောက်ရောင်းချကြပါသည်။

    ပြည်မြို့ရှိ လေးဆူဓာတ်ပျော် ရွှေဆံတော်ဗုဒ္ဓပူဇနိယဘုရားပွဲတော်ကြီး၏ ထူးခြားချက်မှာ နှစ်စဉ်  မြတ်စွယ်တော်အား လှည့်လည်အပူဇော်ခံပွဲမပြုလုပ်ဘဲ (၃)နှစ်မှတစ်ကြိမ်သာကျင်းပပြုလုပ်သည်မှာ ထူးခြားချက်ဖြစ်ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)