Main menu

ဈေးကောင်းရသည့် ပဲတောင့်ရှည် စျေးကွက်

Powered by Drupal

          ကရင်ပြည်နယ်၊ ဘားအံမြို့ပေါ်ရှိ ဒေသခံတောင်သူများသည် ရာသီပေါ်သီးနှံများကို မိသားစု အပိုဝင်ငွေရရှိရန်အတွက် ပဲတောင့်ရှည်အပင်များ တစ်ပိုင်တစ်နိုင်စိုက်ပျိုးလျက်ရှိသည်။ ပဲတောင့်ရှည်သည် ရာသီစာ သီးနှံမဟုတ်ဘဲ တစ်နှစ်ပတ်လုံး ရရှိနိုင်သော အစိမ်းရောင်သီးနှံတစ်မျိုးဖြစ်သည်။ ရှင်သန်ပေါက်ရောက်ရာ ရေ၊ မြေ၊ သဘာဝနှင့် မျိုးစိတ်ပေါ်မူတည်၍ ၁၂ လက်မမှ ၃၀ လက်မအထိ အရှည်ရှိသည်။ ဒေသခံတောင်သူများအနေဖြင့် မိမိတို့စိုက်ခင်းမှ ထွက်ရှိလာသော ပဲတောင့်ရှည်များကို ဘားအံမြို့ပေါ်ရှိ ဈေးများသို့ ကိုယ်တိုင်ရောင်းချခြင်း (သို့မဟုတ်) တစ်ဆင့်ပြန်လည်ရောင်းချသူများအား ဖောက်သည် ပေး၍လည်း ရောင်းချကြပါသေးသည်။ ဘားအံမြို့ပေါ်ရှိ ရေးပေါ်ဈေးသို့ လာရောက်ရောင်းချသော ပဲတောင့်ရှည် စျေးနှုန်းများမှ တစ်ပိဿာလျှင် ၂၅၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊ သုံးဆယ်ကျပ်သားလျှင် ၁၀၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း ဈေးကောင်းရရှိ၍ အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။ 

        ပဲတောင့်ရှည်တွင် ဗီတာမင်အေ၊ ပရိုတင်း၊ သံဓာတ်နှင့် ပိုတက်စီယမ်တို့ ကြွယ်ဝစွာပါရှိသည့် အပြင် ဗီတာမင်စီ၊ မဂ္ဂနီစီယမ်နှင့် မဂ္ဂနီစ်တို့လည်းပါဝင်သည်။ ထို့ကြောင့် ပဲတောင့်ရှည်ကို အားအင် ပြည့်ဝသောအစားအစာအဖြစ် စားသုံးသင့်သည်။ ကယ်လိုရီနည်းသော အစိမ်းရောင်သီးနှံဖြစ်သည့် ပဲတောင့် ရှည်ကို ပုံမှန်စားသုံးပေးခြင်းဖြင့် ခန္ဓာကိုယ်အလေးချိန်ကို လျော့ချနိုင်ခြင်း၊ ဓာတ်တိုး ဆန့်ကျင်ပစ္စည်းများ ကြွယ်ဝစွာပါရှိသည့်အတွက် ကင်ဆာရောဂါအမျိုးမျိုးမှ ကာကွယ်ပေးနိုင်ကြောင်း သိရသည်။ ပဲတောင့်ရှည် စားသုံးခြင်းဖြင့် အိုမင်းရင့်ရော်မှုကိုနှောင့်နှေးစေပြီး အရွယ်တင်နုပျိုစေသည့်အပြင် နှလုံးသွေးကြောနှင့် သက်ဆိုင်သောရောဂါများကို ကာကွယ်ပေးခြင်း၊ ပိုတက်စီယမ်ကြွယ်ဝသည့်အတွက် သွေးတိုးရောဂါ ဖြစ်ခြင်းမှလည်း ကြိုတင်ကာကွယ်စေနိုင်ပါသည်။ ပဲတောင့်ရှည်သည် စားသုံးသူများအတွက် ဆေးဖက် ဝင်ပြီး၊ ဘေးထွက်ဆိုးကျိုးမရှိစေဘဲ တစ်နှစ်ပတ်လုံး အလွယ်တကူဝယ်ယူရရှိနိုင်ကာ အာဟာရလည်း ဖြစ်စေသည့်အတွက် စားသုံးပေးသင့်ကြောင်း ရေးသားအပ်ပါသည်။

DOCA(ကရင်)