Main menu

ဘရာဇီးနိုင်ငံမှ ဆန်ဝယ်သူများ ထိုင်းနိုင်ငံထံမှ တင်သွင်းရန် ကြိုးပမ်းလျက်ရှိ

Powered by Drupal

          ဘရာဇီးနိုင်ငံတွင် ဆန်စပါးသီးနှံ ရာသီချိန်ပြင်ပ၌ ပြည်တွင်းဈေးကွက်အတွင်း ဆန် ဈေးနှုန်းများ တည်ငြိမ်လျက်ရှိမှုနှင့်အတူ ADM လယ်ယာထွက်ကုန်ရောင်းဝယ်ရေး ကုမ္ပဏီသည် ထိုင်းနိုင်ငံမှ ဆန်တန်ချိန် ၆ဝဝဝဝ ကို ဘရာဇီးနိုင်ငံသို့ တင်သွင်းမည်ဖြစ်ကြောင်း သိရှိရပါသည်။

          ဘရာဇီးဆန်လုပ်ငန်းနယ်ပယ်မှ ပြောဆိုမှုများအရ ၂ဝ၂၄ ခုနှစ် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီ လများအတွင်း ဆန်များတင်ဆောင်လာသည့်သင်္ဘော ၂ စီး ဆိုက်ရောက်မည်ဖြစ်ပြီး ဘရာဇီးနိုင်ငံ အတွင်းရှိ ဆန်ထုပ်ပိုးသည့် ကုမ္ပဏီ ၅ ခုထံသို့ ပို့ဆောင်ပေးမည်ဖြစ်ကြောင်း၊ လွန်ခဲ့သော သီးနှံ ရာသီကာလအတွင်း တင်သွင်းခဲ့သောပမာဏနှင့်နှိုင်းယှဉ်လျှင် ပမာဏများပြားလျက်ရှိသော်လည်း လာမည့် စပါးရိတ်သိမ်းကာလမှာ ၂ဝ၂၄ ခုနှစ် ဖေဖော်ဝါရီလခန့်မှသာ စတင်နိုင်မည် ဖြစ်သဖြင့် ယခုကဲ့သို့ဆန်များတင်သွင်းသည့်ကိစ္စမှာ ထူးခြားသည့်ကိစ္စရပ် မဟုတ်ကြောင်း သိရှိရပါသည်။

          ဘရာဇီးနိုင်ငံသည် ၂ဝ၂၃ ခုနှစ် အောက်တိုဘာလအထိ ဆန်တန်ချိန် ၉ဝ၉၁၀၀ တင်သွင်း ခဲ့ပြီး ၂ဝ၂၂ ခုနှစ် ကာလတူတင်သွင်းမှုနှင့် နှိုင်းယှဉ်ပါက ၂၁.၆ ရာခိုင်နှုန်းတိုးတက်လာခဲ့ကြောင်းနှင့် ဘရာဇီးနိုင်ငံ၏ ဆန်တင်ပို့မှုမှာ ပမာဏအားဖြင့် ၄% လျော့နည်းလျက် တန်ချိန် ၁.၃ သန်းသို့ ကျဆင်းခဲ့ကြောင်း ဘရာဇီးဆန်လုပ်ငန်းရှင်များအသင်း (Abiarroz) က ပြောကြားခဲ့ပါသည်။

          ၂ဝ၂၃ ခုနှစ် အောက်တိုဘာလကုန်ပိုင်းခန့်၌ ဆန်တစ်အိတ်ဈေးနှုန်းမှာ ဘရာဇီး ရီရယ်ငွေ ၁၂ဝ ရှိပြီး အဆိုပါဈေးနှုန်းသည် ၂ဝ၂၂ ခုနှစ် ကာလတူကာလထက် ၃၆% ပိုမိုခဲ့ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု အများဆုံးသည့်ကာလဖြစ်သော ၂ဝ၂ဝ ပြည့်နှစ် ဒီဇင်ဘာလမှစတင်၍ ယခုကဲ့သို့ ဈေးနှုန်းမြင့်တက်ခဲ့မှုမရှိသေးကြောင်း အသုံးချစီးပွားရေးလေ့လာမှုဌာနက ပြောကြားခဲ့ပါသည်။ စပါးစိုက်ပျိုးထုတ်လုပ်မှု ရာသီချိန်ပြင်ပကာလဖြစ်သည့်အပြင် ကမ္ဘာ့ဆန်ကုန်သွယ်မှု၏ ၄ဝ% ရှိ သည့် အိန္ဒိယနိုင်ငံမှ ဆန်တင်ပို့မှုကိုရပ်ဆိုင်းခဲ့ခြင်းက ဘရာဇီး ပြည်တွင်းဆန်ဈေးနှုန်းများကို မြင့် တက်စေခဲ့သည်။

          Abiarroz ၏ အမှုဆောင်ဒါရိုက်တာ Andressa Silva က ဘရာဇီးပြည်တွင်း ဈေးကွက်တွင် ၂ဝ၂၃ ခုနှစ် နှစ်ကုန်ပိုင်းအထိ ဆန်လက်ကျန်ရှိနေမည်ဖြစ်သော်လည်း ဆန်ရောင်းလိုအားမှာမူ တည်ငြိမ်မှုနည်းပါးနေကြောင်း ပြောကြားခဲ့ပါသည်။ ယခင် Sao Paulo Grain Exchange ၌ ဒါရိုက်တာအဖြစ်တာဝန်ယူခဲ့သော ဆန်လုပ်ငန်းရှင် Elias Saad က ဆန်လက်ကျန်ရှိသော်လည်း ထုတ်လုပ်သူများသည် ဆန်ဈေးနှုန်း မြင့်မားမှုကို အခွင့်အရေးယူလျက် အနည်းငယ်မျှသာ ရောင်းချခြင်းဖြင့် အမြတ်ထုတ်လျက်ရှိကြကြောင်း ပြောကြားခဲ့ပါသည်။

          ဘရာဇီးနိုင်ငံ၌ မိုးရွာသွန်းမှု များပြားခြင်းကြောင့် နိုင်ငံ၏ ဆန်စပါး ထုတ်လုပ်မှု တွင် ၇ဝ% ခန့် ပါဝင်ထုတ်လုပ်နေသည့် Rio Grande do Sul အဖွဲ့အစည်း၏ စပါးသီးနှံရာသီအသစ်အတွက် စိုက်ပျိုးရေးလုပ်ငန်းများမှာ နှောင့်နှေးလျက်ရှိကြောင်း၊ အလားတူ ရာသီဥတုကြောင့် ပါရာဂွေးနှင့် ဥရုဂွေးနိုင်ငံတို့မှာလည်း အခက်အခဲကြုံတွေ့နေရကြောင်း၊ Rio Grande do Sul အနေဖြင့် ၂၀၂၃-၂၄ ခုနှစ် သီးနှံရာသီတွင် နိုဝင်ဘာလနောက်ဆုံးပတ်အထိ စိုက်ဧရိယာ၏ ၇၇% ကို စိုက်ပျိုးခဲ့ပြီး ဖြစ်ကြောင်း သိရှိရသည်။

          ဘရာဇီးနိုင်ငံအစိုးရ၏ စိုက်ပျိုးရေးနည်းပညာ အကူအညီပေးအပ်မှု အဖွဲ့အစည်းတစ်ခု ဖြစ် သည့် Emater က ယခုရာသီကာလ၌ စပါးတန်ချိန် ၇.၅ သန်း ထုတ်လုပ်နိုင်မည်ဟု ခန့်မှန်းထားရာ ယခင်ရာသီကာလထက် ၄.၁၉% ပိုမိုတိုးတက်မည်ဖြစ်သည်။ သို့သော် မိုးအများအပြား ရွာသွန်းမှု ကြောင့် Rio Grande do Sul ၏ စပါးစိုက်ပျိုးမှု နှောင့်နှေးခဲ့သဖြင့် အဆိုပါခန့်မှန်းချက်မှာ ပြန်လည်ပြင်ဆင်နိုင်ဖွယ်ရှိကြောင်း သိရှိရသည်။

Source: Datamar News, 4 Dec 2023