တောင်ငူမြို့သို့ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာဒေသမှ ဖရဲသီးများ လာရောက်ရောင်းချလျက်ရှိရာ ၎င်းဖရဲသီးများမှာ ဒေသဖရဲသီးထက် အရသာပိုမိုကောင်းမွန်သဖြင့် လူကြိုက်များ၍ ရောင်းအားကောင်းပါသည်။ မုံရွာဒေသမှ ဖရဲသီးများကို ကားတစ်စီးလျှင် အလုံး ၃၅၀၀ ခန့် တင် ဆောင်နိုင်ပြီး တောင်ငူမြို့ ဘုရင့်နောင်ဈေးအနီးတွင် အထိုင်ဆိုင်ခန်းဖွင့်၍ လည်းကောင်း၊ မော်တော်ယာဉ်ငယ်များဖြင့် မြို့တွင်းလူစည်ကားရာနေရာများသို့ လှည့်လည်၍လည်းကောင်း ရောင်းချကြပါသည်။
ယခင်လက မုံရွာဖရဲသီးအသေး တစ်လုံးလျှင် ၅၀၀ ကျပ်မှ ၈၀၀ ကျပ်အထိ၊ အလတ် တစ်လုံးလျှင် ၁၀၀၀ ကျပ်မှ ၁၅၀၀ ကျပ်အထိ၊ အကြီးတစ်လုံးလျှင် ၁၈၀၀ ကျပ်မှ ၂၀၀၀ ကျပ်အထိ ရှိခဲ့ပြီး ယခုအပတ်အတွင်း အလုံးအသေးအကြီးပေါ်မူတည်၍ တစ်လုံးလျှင် ၁၀၀၀ ကျပ်၊ ၂၀၀၀ ကျပ်၊ ၃၀၀၀ ကျပ်နှင့် ၄၀၀၀ ကျပ်ဖြင့် အမျိုးအစား လေးမျိုးဖြင့်ရောင်းချကြောင်း သိရပါသည်။
DOCA(ပဲခူး)