Main menu

ကံမမြို့နယ်၊ ကျောက်မဲကျေးရွာ၏ မိုးစပါးရိတ်သိမ်းထွက်ရှိမှုအခြေအနေ

Powered by Drupal

  မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၊ တောင်ချောင်းဘက်ရှိကျေးရွာများမှာ မဒေးဆည်လှောင်တမံမှရရှိသော ဆည်ရေများဖြင့် နွေစပါး၊ မိုးစပါးသီးနှံများ၊ အခြားရာသီစုံသီးနှံများကိုစိုက်ပျိုးကြရာ ယခုအခါ မိုးစပါးစိုက်တောင်သူများအနေဖြင့် မိုးစပါးများကိုစိုက်ပျိုး၍ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း၊ မနောသုခနှင့်မှော်ဘီ-၂ စပါးမျိုးများကို အဓိကထားစိုက်ပျိုးကြပြီး ရက်(၉၀)စပါးနှင့် ဆာဖိုးသာစပါးမျိုးများကိုမူ တိုးချဲ့စိုက်ပျိုးလျက်ရှိကြောင်းသိရှိရပါသည်။

     မိုးစပါးအဖြစ် ဆာဖိုးသာစပါးမျိုးကို (၃)ဧကစိုက်ပျိုးထားကြောင်း၊ စိုက်ပျိုးရာတွင် ပျိုးပင်စိုက်စနစ်ဖြင့်စိုက်ပျိုးကြောင်း၊ ပျိုးခင်းမြေပြုပြင်ခြင်း၊ မြေယာပြုပြင်ခြင်း၊ ပျိုးနုတ်ခြင်း၊ ကောက်စိုက်ခြင်း၊ စိုက်ခင်းပြုပြင်ခြင်းအနေဖြင့်  ကျပ်(၁၂၂၀၀၀)၊ မျိုးစပါး၊ ကွန်ပေါင်းမြေသြဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ အားဆေး စသည့်သွင်းအားစုကုန်ကျစရိတ်အနေဖြင့် ကျပ်(၁၆၅၀၀၀)နှင့် ရိတ်သိမ်းခ(စက်ဖြင့်) ကျပ်(၆၀၀၀၀)၊ စုစုပေါင်း(၁)ဧကလျှင် ကုန်ကျစရိတ် ကျပ်(၃၄၇၀၀၀)ခန့်ကုန်ကျကြောင်း၊ (၁)ဧကလျှင် (၈၂)တင်းထွက်ရှိပါကြောင်း၊ ၂၀၂၃ခုနှစ်၊ ယခုနိုဝင်ဘာလ(စတုတ္ထပတ်)တွင် တစ်တင်းလျှင် ကျပ် (၁၅၀၀၀)ဖြင့်‌ရောင်းချပြီး ကျပ်(၁၂၃၀၀၀၀)ခန့်ရရှိ၍ (၁)ဧကလျှင် အကျိုးအမြတ်အနေဖြင့် ကျပ် (၈၈၃၀၀၀)ခန့်ရရှိကြောင်း၊ ရိတ်သိမ်းပြီးသောစပါးများမှ တချို့ကို ဝမ်းစာအတွက် သိုလှောင်ထားရှိပြီး တချို့ကိုမူ ပြည်မြို့မှ ဝယ်လက်သမားများထံသို့ရောင်းချကြောင်း ကျောက်မဲကျေးရွာနေ ဆာဖိုးသာမိုးစပါးစိုက် တောင်သူဦးစန်းအောင်ထံမှသိရှိရပါသည်။

  (၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ်တွင် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်အတွင်းရှိကျေးရွာများ၌ မိုးစပါးများကို လျာထားဧက(၂၄၂၆၂)ဧကလျာထားပြီး (၂၄၂၆၂)ဧကစိုက်ပျိုးပြီးဖြစ်ကြောင်း၊ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ(၃၀)ရက်နေ့ထိ ရိတ်သိမ်းပြီးဧက(၁၅၁၈၄)ဧက၊ အထွက်နှုန်း(၇၀.၁၁)တင်း၊ အထွက်တင်း(၁၀၆၄၄၈၀)တင်းဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှသိရှိရပါသည်။

DOCA(မကွေး)