Main menu

မြန်မာနိုင်ငံမှ ပဲစင်းငုံ တန်ချိန် ၄ သိန်းနှင့် မတ်ပဲ တန်ချိန် ၁ သန်းကို အိန္ဒိယဝယ်ယူမည်

Powered by Drupal

    ပြည်တွင်းပဲဈေးကွက်တွင် ဈေးနှုန်းများ မြင့်တက်နေမှုကို ထိန်းချုပ်နိုင်ရန်အတွက် အိန္ဒိယ အစိုးရသည် မြန်မာနိုင်ငံထံမှ ပဲစင်းငုံတန်ချိန် ၄ သိန်းကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလ၌ လည်းကောင်း၊ မတ်ပဲ တန်ချိန် ၁ သန်းခန့်ကို ဖေဖော်ဝါရီလတွင်လည်းကောင်း တင်သွင်းရန် စီစဉ်လျက်ရှိကြောင်း အဆင့်မြင့်အရာရှိ တစ်ဦးက Economic Times သတင်းဌာနသို့ ပြောကြားခဲ့ပါသည်။ ယခင်နှစ် နှင့်နှိုင်းယှဉ်ပါက ပဲစင်းငုံစိုက်ဧက ကျဆင်းမှုများကြောင့် ထွက်ရှိမှု လျော့နည်းလာနိုင်သည်ဟု ခန့်မှန်းချက်အရ အိန္ဒိယနိုင်ငံအနေဖြင့် ရိတ်သိမ်းဆဲကာလတွင်ပင် ပဲစင်းငုံများကို တင်သွင်းနေ ခြင်း ဖြစ်ပါသည်။

    ပဲစင်းငုံနှင့်မတ်ပဲများအား သိုလှောင်ဈေးကစားခြင်းနှင့် ဈေးတင်ရောင်းချမှုများကို တားဆီးရန်အတွက် ယခုနှစ် ဇန်နဝါရီလတွင် အိန္ဒိယအစိုးရက ကုန်လက်ဝယ်ထားရှိခွင့် ကန့်သတ်ချက်များ ချမှတ်ခဲ့ပါသည်။ အဆိုပါကန့်သတ်ချက်သည် အောက်တိုဘာလ ၃၀ ရက်နေ့တွင် ကုန်ဆုံးခဲ့ပြီး ဖြစ်သော်လည်း အစိုးရက ဒီဇင်ဘာလကုန်အထိ သက်တမ်းတိုးမြှင့်ခဲ့ပါသည်။

   အစိုးရ၏ ၅-၁၂-၂၀၂၃ နေ့ရှိ အချက်အလက်များအရ အိန္ဒိယနိုင်ငံတစ်ဝန်း လက်ကား ဈေးကွက်တွင် မတ်ပဲ ၁ ကွင်တယ် (၁၀၀ ကီလိုဂရမ်) လျှင် ရူပီးငွေ ၁၁၁၉၈.၀၉ နှုန်းရှိပြီး ယခင်နှစ် ကာလတူ၌ ၁ ကွင်တယ်လျှင် ၉၆၂၇.၄၈ ရူပီးသာရှိခဲ့ပါသည်။ ပဲမျိုးစုံ လက်လီဈေးနှုန်းဖောင်းပွမှုမှာ အောက်တိုဘာလတွင် ၁၈.၇၉% သို့ရောက်ရှိခဲ့ပြီး အဓိကအားဖြင့် ပဲစင်းငုံ၌ ၄၀.၉၄%၊ ကုလားပဲ တွင် ၁၁.၁၆% နှင့် ပဲတီစိမ်း၌ ၁၂.၇၅% တို့ဖြင့် အများဆုံးမြင့်တက်လာခဲ့ပါသည်။ ပဲစင်းငုံ ဈေးနှုန်း ဖောင်းပွမှုမှာ စက်တင်ဘာလကထက် ၃၇.၃% ပိုမိုကြောင်း၊ အစိုးရအနေဖြင့် မတ်လအတွင်းက ပဲစင်းငုံအပေါ် သွင်းကုန်ခွန်ဖယ်ရှားခဲ့ပြီး အာဖရိကနှင့် မြန်မာနိုင်ငံတို့မှ တိုးမြှင့်တင်သွင်းခဲ့သော် လည်း ဈေးနှုန်းများ မြင့်တက်နေခြင်းဖြစ်ကြောင်း သိရှိရပါသည်။

   အခြေအနေကို ပိုမိုဆိုးရွားစေသည်မှာ မိုးသီးနှံရာသီတွင် ပဲစင်းငုံစိုက်ဧက ကျဆင်းခဲ့မှုသည် ထုတ်လုပ်မှု လျော့နည်းခြင်းကို ဖြစ်ပေါ်စေခဲ့ပြီး  ပြီးခဲ့သည့်လ အနည်းငယ်အတွင်း စားသောက် ကုန် ဈေးနှုန်းဖောင်းပွမှုကို တွန်းအားပေးခဲ့သည်။ ပဲစင်းငုံစိုက်ဧရိယာသည် ၂၉-၉-၂၀၂၂ ရက်နေ့ တွင် ဟက်တာ ၄.၆၁ သန်းမှ ၂၉-၉-၂၀၂၃ ရက်နေ့၌ ဟက်တာ ၄.၃၉ သန်းသို့ ကျဆင်းခဲ့ကြောင်း အစိုးရ၏ အချက်အလက်များတွင် ဖော်ပြထားပါသည်။ အိန္ဒိယစိုက်ပျိုးရေးဝန်ကြီးဌာန၏ ပထမ အကြိမ် ကြိုတင်ခန့်မှန်းချက်များအရ ယခင်နှစ်ကနည်းတူ ၂၀၂၃-၂၄ ခုနှစ် မိုးသီးနှံရာသီ၌ ပဲစင်းငုံ ထွက်ရှိမှုမှာ တန်ချိန် ၃.၄၂ သန်းရှိမည်ဟု ခန့်မှန်းထားသည်။

    အိန္ဒိယနိုင်ငံ၏ နေရာဒေသအများအပြားတွင် ပဲစင်းငုံကို စားသုံးမှုရှိသဖြင့် နှစ်စဉ် တန်ချိန် ၄.၅ သန်း လိုအပ်ချက်ရှိကြောင်း၊ ဇန်နဝါရီလတွင် မြန်မာနိုင်ငံမှ ပဲစင်းငုံများ အိန္ဒိယသို့ ရောက်ရှိ လာနိုင်မည်ဖြစ်ကြောင်း၊ သွင်းကုန်တင်သွင်းပြီးသည့် နောက်ပိုင်း၌ ဈေးနှုန်းများ ရုတ်တရက်မြင့် တက်မှု ပေါ်ပေါက်လိမ့်မည် မဟုတ်ကြောင်းဖြင့်  အိန္ဒိယ ပဲမျိုးစုံနှင့်ကောက်ပဲသီးနှံအသင်းမှ ဥက္ကဋ္ဌ Bimal Kothari က ပြောကြားခဲ့သည်။ ပဲစင်းငုံဈေးနှုန်းများသည် နိုဝင်ဘာလ၌ ၄၀% ခန့် မြင့်တက်ခဲ့ပြီး ဆက်လက် မြင့်တက်လာနိုင်ကြောင်း ကျွမ်းကျင်သူများက ပြောကြားထားပါသည်။

    မိုးသီးနှံ မတ်ပဲစိုက်ပျိုးမှုမှာလည်း ယခင်နှစ်ကာလတူ စိုက်ပျိုးနိုင်မှု ဟက်တာ ၃.၁၀ သန်း နှင့်  နှိုင်းယှဉ်ပါက ယခုနှစ်တွင် ဟက်တာ ၃.၀၇ သန်းသို့ ကျဆင်းခဲ့သည်။ Baroda ဘဏ်၏ ၂၀၂၃-၂၄ ခုနှစ်၊ မိုးသီးနှံများထွက်ရှိမှု ခန့်မှန်းချက်အစီရင်ခံစာအရ မတ်ပဲထွက်ရှိမှုမှာ ယခင်နှစ်ထွက်ရှိမှု တန်ချိန် ၁.၇၇ သန်းနှင့်နှိုင်းယှဉ်လျှင် ယခုနှစ်တွင် တန်ချိန် ၁.၅ သန်းမှ ၁.၆ သန်း အကြားသို့ လျော့နည်း၍ ထွက်ရှိနိုင်ကြောင်း သိရှိရပါသည်။

Source: Economic Times, 5 Dec 2023(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)