Main menu

ကမ္ဘာ့ဆန်ပြိုင်ပွဲများ၌ ပါဝင်ယှဉ်ပြိုင်တော့မည်မဟုတ်ကြောင်း ထိုင်းဆန်ကုန်သည်များအသင်းက ပြောဆို

Powered by Drupal

   ထိုင်းနိုင်ငံအနေဖြင့် ဖိလစ်ပိုင်နိုင်ငံ၌ကျင်းပသော ၂၀၂၃ ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံး ဆန်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ခြင်း မရှိသည့်အပြင် ရှေ့လာမည့်နှစ်များတွင်လည်း ဝင်ရောက်ယှဉ်ပြိုင်မည် မဟုတ်ကြောင်း ထိုင်းဆန်တင်ပို့သူများအသင်း (TREA) ၏ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ Chukiat Opaswongse က ၆-၁၂-၂၀၂၃ ရက်နေ့တွင် ပြောကြားခဲ့သည်။

   ဗီယက်နမ် စပါးမျိုးဖြစ်သည့် ST25 ကို ပြိုင်ပွဲတွင်တင်သွင်းသည့် ဆန်စပါးအမျိုးပေါင်း ၃၀ အနက် အကောင်းဆုံးဆန် အမျိုးအစားအဖြစ် မဲပေးရွေးချယ်ပြီးနောက် တစ်ရက်အကြာတွင် ၎င်း၏ ကြေညာချက်ထွက်ပေါ်လာခြင်းဖြစ်သည်။ ဗီယက်နမ်၊ အိန္ဒိယနှင့် ကမ္ဘောဒီးယားနိုင်ငံတို့မှ မျိုးကွဲသုံးမျိုးသာ အဆိုပါပြိုင်ပွဲ၏ ဗိုလ်လုပွဲအဆင့်သို့ ရောက်ရှိခဲ့သည်။ အကောင်းဆုံးဆန် အမျိုးအစားကို ကြည့်ရှုခြင်းမပြုပဲ အရသာခံစစ်ဆေးသည့် Blind Tasting နည်းဖြင့် စမ်းသပ်စစ်ဆေးခဲ့ပြီး စားဖိုမှူးအဖွဲ့မှ တညီတညွတ်တည်း ရွေးချယ်ခဲ့ခြင်းဖြစ်ပါသည်။

    အကယ်၍ ထိုင်း Hom Mali ဆန်မျိုးများသည်  ပထမဆုရရှိခြင်း မရှိခဲ့ပါက ပြည်သူများအနေဖြင့် မည်သည့်အတွက်ကြောင့် ထိုင်းဆန် အနိုင်မရသနည်း သို့မဟုတ် မည်သည့်ဆန်စပါးမျိုး များကို ယှဉ်ပြိုင်ရန် တင်သွင်းရသနည်း ဆိုသည်ကို မေးမြန်းချက်များရှိလာမည်ဖြစ်ကြောင်း Chukiat က ရှင်းပြခဲ့သည်။

    ကမ္ဘာ့အကောင်းဆုံးဆန်ပြိုင်ပွဲ ၁၄ ကြိမ်၌ ပါဝင်ယှဉ်ပြိုင်ခဲ့ရာတွင် ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၁ ခုနှစ်တို့၌ ပါဝင်ခဲ့သော Hom Mali 105 အမျိုးအစားအပါအဝင် ထိုင်းဆန်စပါးအမျိုးအစားများ သည် ၇ နှစ်တာအတွက် ကမ္ဘာ့အကောင်းဆုံးဆန်အဖြစ် မဲပေးရွေးချယ်ခံခဲ့ရသည်။ သို့သော် ၂၀၂၂ ခုနှစ်တွင် ကမ္ဘောဒီးယားနိုင်ငံမှ Phka Romdoul fragrant ဆန်က ထိပ်တန်းဆု ရရှိခဲ့သည်။ 

    ထိုင်း Hom Mali ၊ အိန္ဒိယ၏ဘာစမာတီနှင့် ဂျပန်စပါးမျိုးတို့ကို ပေါင်းစပ်၍ စပ်မျိုးစပါး ထုတ်ထားသည့် ဗီယက်နမ် ST25 ဆန်သည် ချက်ပြုတ်ပြီးပါက ဆန်သားရှည်ခြင်း၊ ရနံ့မွှေးခြင်း၊ စေးကပ်၍ နူးညံ့သည့် အရသာရှိခြင်းတို့နှင့် ပြည့်စုံကြောင်း၊ ST25 စပါး၏ အခြားအားသာချက်မှာ ထိုင်း Hom Mali ထက် စျေးနှုန်းသက်သာပြီး ၁၂ လရာသီ ကာလပတ်လုံး စိုက်ပျိုးနိုင်ခြင်းပင် ဖြစ်ကြောင်း၊ TREA အသင်းအနေဖြင့် ကမ္ဘာ့အကောင်းဆုံး ဆန်ပြိုင်ပွဲများသို့ ပါဝင်မည်မဟုတ် သော်လည်း ဆန်တင်ပို့သည့်ကုမ္ပဏီများသည် TREA ကိုယ်စားယှဉ်ပြိုင်မှုတွင် ၎င်းတို့နှစ်သက်ရာ ဆန်မျိုးများကို တင်သွင်းယှဉ်ပြိုင်နိုင်မည်ဖြစ်ကြောင်း Chukiat က ပြောကြားခဲ့သည်။

   ထိုင်းနိုင်ငံ Knowledge Network Institute မှ အကြီးတန်း သုတေသီဖြစ်သူ တွဲဖက်ပါမောက္ခ Somporn Isvilanonda က ထိုင်းအစိုးရသည် စပါးစိုက်တောင်သူများကို ထောက်ပံ့ရန် တစ်နှစ်လျှင် ဘတ်ငွေ ဘီလီယံ ၄၀၀ မှ ၅၀၀ အကြား သုံးစွဲသော်လည်း သုတေသနနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် ဘတ်ငွေ သန်း ၂၀၀ ခန့်သာ အသုံးပြုသဖြင့် ဗီယက်နမ်၊ ကမ္ဘောဒီးယားတို့နှင့် နှိုင်းယှဉ်ပါက စပါးမျိုးကွဲများ၏ သုတေသနနှင့်ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေသုံးစွဲမှုမှာ နည်းပါး လျက်ရှိကြောင်း၊ ထို့အပြင် ဆန်စပါးလုပ်ငန်းကို အထောက်အပံ့ပြုရန် မျိုးဆက်သစ် နိုင်ငံခြား ပညာတတ်သုတေသီများ အပါအဝင် ဆန်သုတေသနပညာရှင်များ ပိုမိုများပြားခြင်းက ဗီယက်နမ်နိုင်ငံ၏ အားသာသည့်အချက်တစ်ရပ်အဖြစ် ရှုမြင်နိုင်ကြောင်းဖြင့် ပြောကြားခဲ့သည်။

Source: Thai PBS World, 7 Dec 2023(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)