Main menu

၂၀၂၃ ခုနှစ် ပထမ ၁၁ လအတွင်း ဖိလစ်ပိုင်၏ ဆန်တင်သွင်းမှု ၁၄% လျော့နည်းခဲ့

Powered by Drupal

    ဖိလစ်ပိုင်နိုင်ငံတွင် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့အထိ ပထမ ၁၁ လအတွင်း ဆန်တင်သွင်းမှုသည် ယခင်နှစ်ကာလတူ၌ တင်သွင်းမှု မက်ထရစ်တန်ချိန် ၃.၅ သန်းအောက် ၁၄%   လျော့နည်းလျက် စုစုပေါင်း မက်ထရစ်တန်ချိန် ၃.၀၃ သန်း ရှိကြောင်း၊ နိုဝင်ဘာလ ၁ လတည်း အတွက် ဆန်တင်သွင်းမှု ပမာဏမှာ ၁၉၆၈၃၄.၁၅ တန်ဖြစ်ပြီး ဧပြီလအတွင်း တင်သွင်းမှုသည် ၅၁၆၈၉၅.၁၇၃ တန်ဖြင့် အမြင့်ဆုံးဖြစ်ကြောင်း ဖိလစ်ပိုင် ဥယျာဉ်ခြံလုပ်ငန်းဗျူရို (Bureau of Plant Industry - BPI) ၏ အချက်အလက်များအရ သိရှိရသည်။

    ဗီယက်နမ်သည် ဆန်တန်ချိန် ၂.၆၈ သန်း ပေးသွင်းလျက် ဖိလစ်ပိုင်နိုင်ငံ၏ ထိပ်တန်း ဆန် အရင်းအမြစ်အဖြစ် တည်ရှိပြီး စုစုပေါင်းဆန်တင်သွင်းမှု၌ ၈၈.၆% ပါဝင်ခဲ့သည်။ ဗီယက်နမ်၏ နောက်တွင် ထိုင်းနိုင်ငံသည် ၁၆၁၉၉၀.၆၇ တန်၊ မြန်မာနိုင်ငံသည် ၁၂၇၈၁၈ တန်နှင့် ပါကစ္စတန် နိုင်ငံသည် ၃၄၆၂၅.၂၁ တန်ဖြင့် ဖိလစ်ပိုင်၏ အဓိကဆန်တင်သွင်းမှု ကုန်သွယ်ဖက်နိုင်ငံများအဖြစ် ရပ်တည်လျက်ရှိပါသည်။  အဆိုပါ ၁၁ လအတွင်း အိန္ဒိယနိုင်ငံထံမှ ဆန်တန်ချိန် ၁၃၇၃၄.၇၉ တန် ကို တင်သွင်းခဲ့ပြီး ကျန်ရှိသည့်ပမာဏ ၆၇၁၃.၁၂ တန်အား ကမ္ဘောဒီးယား၊ တရုတ်၊ ဂျပန်၊ ထိုင်ဝမ်၊ အီတလီနှင့် စပိန် စသည့်နိုင်ငံများထံမှ တင်သွင်းခဲ့ကြောင်း သိရှိရသည်။

    ယခုနှစ် ဇန်န၀ါရီလမှ နိုဝင်ဘာလအထိ သွင်းကုန်အပေါ် အပင်နှင့်တိရစ္ဆာန်များ ရောဂါကင်းရှင်းမှုဆိုင်ရာ ခွင့်ပြုမိန့် (SPSIC) အစောင်ရေ ၄၁၈၆ စောင်ကို အတည်ပြုခဲ့ကြောင်း၊ နိုဝင်ဘာလ ၁ ရက်မှ ၁၆ ရက်နေ့အထိ ဆန်တင်သွင်းမှုပမာဏ ၄၈၄၃၇၉.၇၉ တန်အတွက် SPSIC ၆၀၄ စောင်ကို အတည်ပြုပေးခဲ့ကြောင်း BPI ဗျူရိုဌာန ကဖော်ပြထားသည်။

     ဖိလစ်ပိုင် စိုက်ပျိုးရေးဦးစီးဌာနက ဒီဇင်ဘာ ၄ ရက်နေ့၌ လှည့်လည်စာချွန်လွှာ ထုတ်ပြန်ရာတွင် မည်သည့်ပင်ရင်းနိုင်ငံမှ တင်ပို့သည်ဖြစ်စေ အမှန်တကယ် သင်္ဘောတင်ပို့မှုသည် သွင်းကုန် အပေါ် အပင်နှင့်တိရစ္ဆာန်များ ရောဂါကင်းရှင်းမှုဆိုင်ရာ ခွင့်ပြုမိန့် (SPSIC) အား ထုတ်ပေးသည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း တင်ပို့ရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

      ယခင်က မြန်မာနိုင်ငံမှလွဲ၍ ကျန်ရှိသော အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကုန်ပစ္စည်းများ တင်ပို့ခြင်းကို အဆိုပါ SPSIC ခွင့်ပြုမိန့်ထုတ်ပေးသည့်နေ့မှ ရက်ပေါင်း ၆၀ အထိ တင်ပို့ခွင့်ရှိခဲ့ပြီး မြန်မာနှင့် အခြားနိုင်ငံများမှ တင်ပို့သူများအတွက် ရက်ပေါင်း ၉၀ သတ်မှတ်ထားခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။ ထိုသို့ စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက် ပြောင်းလဲမှုသည် လုံလောက်သော ထောက်ပံ့မှုနှင့် ဆန်စပါးလက်ကျန်ပမာဏ ကျန်ရှိမှုကို သေချာစေရန် တွန်းအားပေး လုပ်ဆောင်ခြင်းဖြစ်ကြောင်း ဖိလစ်ပိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ပြောကြားခဲ့ပါသည်။

Source: Manila Times, 11 Dec 2023(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)