Main menu

BRICS နှင့် မြန်မာ့စီးပွားရေးမျှော်မှန်းချက်

Powered by Drupal

    BRICS ဆိုသည်မှာ အစိုးရအချင်းချင်း စီးပွားရေး/နိုင်ငံရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့အစည်းကြီးတစ်ခုဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံများဖြစ်ကြသည့် ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်၊ တောင်အာဖရိက (၅)နိုင်ငံတို့၏ အမည်အတိုကောက်ဖြစ်ပါသည်။ ထိုအမည်ကို ဂျာမနီစီးပွားရေးပညာရှင် ဂျင်မဲအိုနီးလ်က ၂၀၀၁ခုနှစ်တွင် ဘရာဇီး၊ ရုရှား၊ အိန္ဒိယနှင့်တရုတ်တို့ကို BRIC ဟုပေးခဲ့ခြင်းဖြစ်ပြီး ထို(၄)နိုင်ငံမှာ ၂၀၅၀ခုနှစ်တွင် ကမ္ဘာ့စီးပွားရေးဈေးကွက်ကို စိုးမိုးလွှမ်းခြုံနိုင်မည်ဟုလည်းပြောကြားခဲ့ပါသည်။

    ၂၀၀၆ခုနှစ်၊ စက်တင်ဘာလတွင် အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့၌ကျင်းပခဲ့သော UN ညီလာခံအပြီး၌ BRIC (၄)နိုင်ငံတို့သည် နိုင်ငံခြားရေးဝန်ကြီးများအဖွဲ့ ဖွဲ့စည်းရန်အတွက် စတင်ဆွေးနွေးခဲ့ကြပါသည်။ ၂၀၀၉ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့တွင် ရုရှားနိုင်ငံ၊ ရီကာတီရင်ဘတ်မြို့၌ (၄)နိုင်ငံ၏ ခေါင်းဆောင်များဖြစ်ကြသည့် ဘရာဇီးသမ္မတ လူလာဒါဆေးဗားလ်၊ ရုရှားသမ္မတ ဒီမီထရီမက်ဗီဒတ်၊ အိန္ဒိယဝန်ကြီးချုပ် မိုဟမန်ဆင်းနှင့် တရုတ်သမ္မတ ဟူကျင်တောင်ဘိုက BRIC ၏ ပထမဦးဆုံးသော ထိပ်သီးညီလာခံကိုကျင်းပခဲ့ပါသည်။ ၂၀၁၀ခုနှစ်တွင် တရုတ်နိုင်ငံ၏ဖိတ်ကြားမှုဖြင့် တောင်အာဖရိကနိုင်ငံအဖွဲ့ဝင်အဖြစ်ရောက်ရှိလာပြီး BRICS အဖွဲ့ကြီးကို တည်ထောင်ခဲ့ကြပါသည်။

    BRICS အဖွဲ့ဝင်(၅)နိုင်ငံသည် ကမ္ဘာ့မြေပြင်၏ ၂၇%အကျယ်အဝန်းရှိပြီး လူဦးရေအားဖြင့် ကမ္ဘာ့လူဦးရေ၏ ၄၂%ခန့်ရှိပါသည်။ ထို (၅) နိုင်ငံလုံးသည် G-20 အဖွဲ့ဝင်နိုင်ငံများဖြစ်ကြပြီး ကုန်ထုတ်လုပ်မှုတန်ဖိုးအားမှာလည်း တစ်ကမ္ဘာလုံးကုန်ထုတ်လုပ်မှုတန်ဖိုး၏ ၃ပုံ ၁ပုံခန့်ရှိကြောင်းသိရှိရပါသည်။

   BRICS အဖွဲ့တည်ထောင်ရသည့်ရည်ရွယ်ချက်မှာ အဖွဲ့ဝင်နိုင်ငံချင်း စီးပွားရေးနှင့်နိုင်ငံရေးကဏ္ဍများတွင် အတူပူးပေါင်းဆောင်ရွက်သွားရန်နှင့် ပိုမိုတည်ငြိမ်ပြီး ကောင်းမွန်သည့် စွမ်းအားများကို မတည်ငြိမ်ဖြစ်နေသည့် နိုင်ငံတကာဆိုင်ရာအစီအစဉ်များနေရာတွင် အစားထိုးရန်အတွက်ဖြစ်ကြောင်းသိရှိရပါသည်။

    BRICSအဖွဲ့သည် ဖွံ့ဖြိုးဆဲနိုင်ငံများကို အခြေခံစီးပွားရေးအဆောက်အဦများတည်ဆောက်ရန်အတွက်နှင့် လိုအပ်သောချေးငွေများ ထုတ်ချေးနိုင်ရန်အတွက် New Development Bank (NDB) ကို ရှန်ဟိုင်းမြို့၌ တည်ထောင်ခဲ့ကြပြီး ဘဏ်နှင့်အတူ အရန်ငွေကြေးအစီအစဉ်များကိုပါစီစဉ်ထားရှိပါသည်။ ဒေါ်လာ၏ လွှမ်းမိုးမှုကို စိန်ခေါ်နိုင်ရန်အတွက် ယူရိုငွေကဲ့သို့ ဘုံသုံးငွေကြေးတစ်ရပ်ထားရှိရန်လည်း ဆွေးနွေးလျက်ရှိပါသည်။

    လက်ရှိတွင် BRICS အဖွဲ့ကို ဝင်ရောက်ရန်အတွက် နိုင်ငံပေါင်း(၄၀)ကျော်က စိတ်ဝင်စားလျက်ရှိကြောင်းနှင့် နိုင်ငံ(၂၂)နိုင်ငံက အဖွဲ့ဝင်အဖြစ်လက်ခံပေးရန် တရားဝင်တောင်းဆိုထားကြောင်း တောင်အာဖရိကနိုင်ငံမှ တာဝန်ရှိသူများက ပြောကြားထားပြီး ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ ၁ရက်နေ့တွင် အီဂျစ်၊ အီသီယိုးပီးယား၊ အီရန်၊ ဆော်ဒီအာ‌ရေးဗီးယားနှင့် ယူအေအီးနိုင်ငံတို့က BRICS အဖွဲ့နှင့်ပူးပေါင်းပါဝင်မည်ဖြစ်ပါသည်။

   မြန်မာနိုင်ငံသည်လည်း BRICS အဖွဲ့တွင်ပါဝင်ရန် စိတ်ဝင်စားလျက်ရှိကြောင်းသိရှိရပြီး အဖွဲ့တွင်ပါဝင်ခွင့်ရရှိပါက အဖွဲ့ဝင်နိုင်ငံအချင်းချင်း လွတ်လပ်စွာကူးသန်းရောင်းဝယ်ခွင့်ရရှိနိုင်မည်ဖြစ်ပြီး ကူညီထောက်ပံ့မှုများလည်းရရှိနိုင်မည်ဖြစ်သည့်အတွက် တိုင်းပြည်စီးပွားရေးလျင်မြန်စွာဖွံ့ဖြိုးတိုးတက်ခွင့်ရရှိနိုင်မည်လည်း ဖြစ်ပါသည်။

DOCA(ရန်ကုန်)