Main menu

ပခုက္ကူမြို့နယ်အတွင်းရှိ CP ကြက်မွေးမြူရေးလုပ်ကိုင်သူများ အဆင်ပြေလျက်ရှိ

Powered by Drupal

            စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဌာနခွဲစာရေး ဒေါ်ဝါဝါကြည်သည် ခရိုင်ဦးစီးမှူး၏ လမ်းညွှန်ချက်ဖြင့် ပြည်တွင်းမွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် (၁၃.၁.၂၀၂၂)ရက်နေ့၊ နံနက် (၁၀:၀၀) အချိန်တွင် ပခုက္ကူမြို့နယ်၊ ဆွဲကြီးကျေးရွာရှိ CP ကြက်မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သည့် လုပ်ငန်းရှင် ဦးကျော်နိုင်သို့သွားရောက်မေးမြန်းခဲ့ရာ CP ကြက်မျိုးအနေဖြင့် ရာသီဥတုဒဏ်ခံနိုင်သော (Bel Ga) မျိုးကို မွေးမြူကြောင်း၊ တစ်နှစ်ပတ်လုံး(၆)ကြိမ်မွေးမြူပြီး၊ တစ်ကြိမ်မွေးမြူရာတွင် မျက်စိပွင့်စ အရွယ်ကြက်ပေါက်တစ်ကောင်လျှင်(၉၅၀)ကျပ်ဖြင့် အကောင်ရေ(၁၅၀၀)ခန့် မွေးမြူကြောင်း၊ ကြက်ပေါက်စလေး များအား(၂၆)ရက်သားအထိ မီးခန်းထဲတွင် စပါးခွံချ၍ အပူပေးပြီး မွေးမြူရကြောင်း သိရှိရပါသည်။

          ကြက်အစာအနေဖြင့် (၂)ပတ်သားအရွယ်တွင် 6010(အသားတိုးကြက်ငယ်စာ)၊ (၃)ပတ်သား အရွယ်တွင် 6020 (အသားတိုးကြက်လတ်စာ)၊ (၄)ပတ်သားအရွယ်တွင် 6030 (အသားတိုးကြက်ကြီး စာ)တို့အား အရွယ်အစားအလိုက် အစာကျွေးရပါကြောင်း၊ ကြက်အကောင်ရေ(၁၅၀၀)အတွက် (50) ကီလိုဝင် ကြက်အစာအိတ်(၁၅၀)ကျွေးရကြောင်း၊ (၇)ရက်သားမှ ရောင်းချသည့်အချိန်ထိ  ကာကွယ်ဆေး နှင့်ဓာတ်ဆားအားဆေးများကိုလည်း ရေဖျော်စနစ်ဖြင့် ကျွေးမွေးရကြောင်းသိရှိရပါသည်။

          CP ကြက် (Bel Ga)မျိုးကို (၄၅)ရက်သားမှ (၆၀)ရက်သားအတွင်းရောင်းချရကြောင်း၊ ကြက်အကောင်ကြီးထွားမှုပေါ်မူတည်၍ ပိဿာချိန်ထွက်ရှိမှု ကွဲပြားကြောင်း၊ တစ်ကောင်လျှင် ပျမ်းမျှ တစ်ပိဿာငါးဆယ်ကျပ်သားမှ တစ်ပိဿာရှစ်ဆယ်ကျပ်သားအထိရှိကြောင်း၊ ယခုပေါက်ဈေး အနေဖြင့် တစ်ပိဿာလျှင်(၄၂၅၀)ကျပ်ခန့်ဖြင့် ရောင်းချလျက် မြစ်ခြေမြို့နယ်ဒေသတွင်းနှင့် ပခုက္ကူ မြို့ပေါ်သို့ ဖြန့်ဖြူးရောင်းချကြောင်း သိရှိရပါသည်။

    တစ်ကြိမ်မွေးမြူလျှင် မွေးမြူသည့်အချိန်မှ ရောင်းချသည့်အချိန်ထိ သုံးစွဲမှုကုန်ကျစရိတ်မှာ ကြက်ပေါက်အကောင်ရေ (၁၅၀၀)ဝယ်ယူခ ၊ ကြက်စာဖိုး၊ ကာကွယ်ဆေးအားဆေးဖိုး၊ အလုပ်သမား ငှားရမ်းခအပါအဝင် စုစုပေါင်း(၈၁)သိန်းကျပ်ခန့်ကုန်ကျကြောင်း၊ ရောင်းချချိန်တွင် စုစုပေါင်း ပိဿာချိန်(၂၇၀၀)ခန့် ကုန်ချိန်ထွက်ရှိပြီး တစ်ပိဿာလျှင် (၄၂၅၀)ကျပ်ဖြင့် လက်လီရောင်းချသူ များသို့ ဖောက်သည်ပေးခဲ့ရသည့်အတွက် ဝင်ငွေမှာ ကျပ်သိန်း(၁၁၀)ခန့်ဖြစ်ပြီး အကျိုးအမြတ်အနေဖြင့် သိန်း(၂၀)ကျပ်ဝန်းကျင်ခန့်ရရှိသော်လည်း ကနဦးခြံဆောက်လုပ်စရိတ်မှာ သုံးဆယ်ငါးသိန်းမှ သိန်းလေးဆယ်ကြားရှိကြောင်းသိရှိရပါသည်။

          ယခင်နှစ်က CP ကြက်မွေးမြူရေးလုပ်ငန်းလုပ်ကိုင်ခဲ့ရာတွင် ကြက်များပျက်စီးမှုရှိခြင်း၊ ရောင်းချရာတွင် ဈေးနှုန်း/ဈေးကွက် ကောင်းမွန်မှုနည်းခြင်း၊ ကြက်စာဈေးနှုန်းများ ကြီးမြင့်ခြင်းတို့ ကြောင့် အရှုံးပေါ်ခဲ့သော်လည်း ယခုနှစ်တွင် CP  ကြက်မွေးမြူသူများအနေဖြင့်  ဝယ်လိုအားမြင့် တက်လျက်ရှိပြီး ဈေးနှုန်း/ဈေးကွက်ကောင်းမွန်သောကြောင့် အကျိုးအမြတ်ရရှိကြောင်း  သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန(မကွေးတိုင်းဒေသကြီး)