ပြည်မြို့ရှိဈေးကွက်များအတွင်းသို့ ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ တတိယပတ်တွင် မုန်လာဥဖြူများ ဈေးကွက်သို့ရောက်ရှိလာပြီး အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ရာသီချိန်ဖြစ်၍ မုန်လာဥအဖြူများ စတင်ထွက်ပေါ်လာပြီး စိုက်ပျိုးသောဒေသများမှာ ပြည်မြို့အနီးတဝိုက်ရှိ ကျေးရွာများဖြစ်သော မှော်ဇာ၊ ကုန်းရိုးနှင့် ပေါင်းတလည်မြို့အနီး ခွေးရဲကျေးရွာဘက်မှ လာရောက်ရောင်းချကြပါသည်။ ပေါ်ခါစဖြစ်သည့်အတွက် မုန်လာဥမှာ ထွက်ရှိမှုနည်းသေး၍ ဈေးအနည်းငယ်မြင့်တက်ခဲ့ပါသည်။ ပြည်မြို့ရှိဈေးကွက်များသို့ လာရောက်ရောင်းချသည့် မုန်လာဥဈေးနှုန်းများမှာ အလုံး(အကြီး/အသေး)ကိုလိုက်၍ (၅)လုံးပါတစ်တွဲလျှင် (၅၀၀)ကျပ်မှ (၈၀၀)ကျပ်အထိရောင်းချကြောင်းသိရပါသည်။ ပြည်မြို့မှတစ်ဆင့် ရန်ကုန်မြို့သို့လည်း နေ့စဉ် တင်ပို့ရောင်းချကြောင်းသိရပါသည်။ မုန်လာဥများအထွက်လှိုင်လာချိန်တွင် ဈေးအနည်းငယ်ကျဆင်းလာနိုင်မည်ဟုခန့်မှန်းသိရှိရပါသည်။ စားသုံးသူများအနေဖြင့် ရာသီပေါ်သီးနှံဖြစ်ပြီး လတ်ဆတ်မှုရှိသောကြောင့် ဝယ်ယူစားသုံးကြပါသည်။ ဈေးကွက်အတွင်း၌ မုန်လာဥအဖြူများကို အချိန်အခါမရွေးဝယ်ယူရရှိနိုင်ပြီး ရာသီပေါ်သီးနှံစားသုံးခြင်းဖြင့် အရသာရှိပြီး ကျန်းမာရေးအတွက်လည်း ရလဒ်ကောင်းများရရှိလာနိုင်မည်ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
DOCA(ပဲခူး)