Main menu

ပြည်ပဲတီစိမ်းသစ်များအထွက်လှိုင်ချိန်ဖြစ်သောကြောင့် ပဲဝင်ရောက်မှုများလာပြီး ဝယ်လိုအားလည်းကောင်းနေ

Powered by Drupal

    ပြည်ပဲဈေးကွက်သို့ ပဲတီစိမ်းသစ်များ အထွက်လှိုင်ချိန်ဖြစ်သည့်အတွက် ပဲတီစိမ်းသစ်များ အမြောက်အများဝင်ရောက်လာပြီဖြစ်ပါသည်။ ပြည်အနီးတဝိုက်ဒေသများဖြစ်သော ဝက်ထီးကန်၊ ပေါင်းတလည်၊ ပေါက်ခေါင်း ဒေသများအပြင် ဘက်ရဲ၊ ကြံခင်း စသည့် ဧရာဝတီတိုင်းဒေသကြီးဘက်မှ ဝင်ရောက်မှုရှိပါသည်။ မကွေးတိုင်းဒေသကြီး၊ မင်းတုန်း၊ ကံမမြို့နယ်များမှလည်း နေ့စဉ် ဝင်ရောက်လာခဲ့ကြောင်းသိရပါသည်။ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ပထမပတ်မှစတင်၍ ဆောင်းပဲသစ်များဝင်ရောက်လာခြင်းဖြစ်ပြီး ယခုလကုန်ပတ်တွင်လည်း ဆက်လက်ဝင်ရောက်လာသောကြောင့် အိတ် (၂၀၀၀) ကျော်အထိသာအဝင်များလာခဲ့ပါသည်။ ပြည်ခရိုင်၌ ပဲတီစိမ်းသီးနှံရောင်းဝယ်မှုအနေဖြင့် မိုးပဲတီစိမ်းနှင့် ဆောင်းပဲတီစိမ်းဆိုပြီး ရာသီ (၂) မျိုးစိုက်ပျိုးမှုရှိခဲ့သောကြောင့် မိုးပဲတီစိမ်းရာသီ ဩဂုတ်၊ စက်တင်ဘာလများတွင် မိုးပဲများအဝင်များကာ အရောင်းအဝယ်ဖြစ်ခဲ့ပြီး ဆောင်းပဲရာသီ ယခုကာလတွင်မူ ဆောင်းပဲသစ်များ အဝင်လှိုင်ချိန်ဖြစ်ခဲ့ပါသည်။ ပဲတီစိမ်းသီးနှံသည် မတ်ပဲသီးနှံကဲ့သို့ တစ်နှစ်တာလုံး ဈေးကွက်၌ာ ရောင်းချခြင်းမျိုးမဟုတ်ဘဲ ပဲအထွက်လှိုင်ချိန်တွင်သာ အဓိထားရောင်းချရသည့်သီးနှံဖြစ်ပါသည်။ ဝယ်လက်များအနေဖြင့် မန္တလေးဝယ်လက်က အဓိကဝယ်ယူမှုရှိပြီး ရန်ကုန်ဝယ်လက်မှာ တစ်ခါတစ်ရံအဝယ်ရှိကြောင်းသိရပါသည်။ ပဲဈေးနှုန်းမှာ ပိဿာ (၂၀) ဝင်တစ်တင်းလျှင် (၅၂၅၀၀) ကျပ်ဖြင့် ရောင်းချသည့်အတွက် နိုဝင်ဘာလကုန်ဈေးနှုန်းထက် ဈေးနှုန်းအနည်းငယ်လျော့နည်းသွားခဲ့ပါသည်။ ပဲအရည်အသွေးလိုက်၍ ဈေးအနည်းငယ်စီကွာခြားမှုရှိကြောင်းသိရပါသည်။ ယခင်နှစ်တွင် ပဲတီစိမ်းသီးနှံ၏ ကာလတူအချိန်ပေါက်ဈေးနှုန်းမှာ ကျပ်၄သောင်းကျော်သာရောင်းချရပြီး ယခင်နှစ်တွင်မူ ဈေးအေးနေသည်ဟုဆိုသော်လည်း ယခင်နှစ်ဈေးနှုန်းထက် ဈေးပိုရနေသည်ဟုဆိုရမည်ဖြစ်ပါသည်။ ယခင်နှစ်ကတည်းက ပြည်ပဝယ်လက်ရှိသော ပဲတီစိမ်းသီးနှံဈေးကွက်မှာ ဈေးအေးလျက်ရှိကာ မတ်ပဲ၊ ကုလားပဲ၊ ပဲစင်းငုံသီးနှံများထက် ဈေးနှုန်းလျော့နည်းသည့်သီးနှံဖြစ်ခဲ့ပြီး ယခုနှစ်တွင်လည်း ပဲတီစိမ်းသီးနှံမှာ ဈေးနှုန်းသိသိသာသာမြင့်တက်လာခြင်းမရှိဘဲ ယခင်နှစ်ထက် ဈေးနှုန်းအနည်းငယ်ပိုရလာသည်ဆိုသော်ငြားလည်း အခြားပဲများထက် ဈေးအေးနေသောသီးနှံဖြစ်ကြောင်း လေ့လာသိရှိရပါသည်။

DOCA(ပဲခူး)