Main menu

ကြို့ပင်ကောက်မြို့ရှိ အိမ်တွင်းမှုလုပ်ငန်းတစ်ခုဖြစ်သော Aster ဆန်မုန့်ဝေဖာ

Powered by Drupal

     ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့၊ နွယ်ခွေရပ်ကွက်၊ ပျဉ်ထောင်တွင်းလမ်းတွင် အိမ်တွင်းမှုလုပ်ငန်းတစ်ခုဖြစ်သော Aster အမှတ်တံဆိပ် ဆန်မုန့်လုပ်ငန်း လုပ်ကိုင်သောနေရာသို့ ကြို့ပင်ကောက်မြို့နယ်တာဝန်ခံ ဒေါ်ရီရီရှိန်နှင့်ဝန်ထမ်းများသည် (၂၂-၁၂-၂၀၂၃)ရက်နေ့တွင် မုန့်လုပ်ငန်းရှင် ဦးနေလင်းဦးနှင့်တွေ့ဆုံ၍ လုပ်ငန်းလည်ပတ်ပုံ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းလေ့လာခဲ့ကြောင်းသိရှိရပါသည်။

         လုပ်ငန်းရှင် ဦးနေလင်းဦးနှင့်တွေ့ဆုံ၍ မေးမြန်းရာတွင် ယခုလုပ်ငန်းကိုလုပ်ကိုင်ခဲ့သည်မှာ တစ်နှစ်လောက်သာရှိကြောင်း၊ အလုပ်သမား ကျား၊ မ (၈)ဦးဖြင့် လုပ်ငန်းလုပ်ကိုင်လျက်ရှိပါကြောင်းသိရှိရပါသည်။

      ထုတ်လုပ်မှုအနေဖြင့် ဆန်မှထွက်ရှိသောဆန်ကွဲကို အဓိကထား၍ပြုလုပ်ရပြီး ဆန်ကွဲအဟောင်း၊ သကြား၊ Food Colour အရောင်သုံးမျိုးကိုအသုံးပြုရပါသည် ။ ဆန်မုန့်ပြုလုပ် ရာတွင် ကော်ဇလုံကြီးထဲသို့ ဆန်ကွဲ/သကြား/အရောင်တို့ကိုရောနယ်ပြီး အရောင်တစ်မျိုးစီကို (၃)ပုံးအသုံးပြု၍ အဆင်သင့် သမအောင်နယ်ထားရပါသည်။ ဆန်မုန့်ဝေဖာမုန့်ပုံစံများထွက်ရှိ လာအောင် အသုံးပြုရသည့်စက်မှာ မုန့်ထွက်ရှိသော ပုံစံအမျိုးမျိုးရှိသည့်ပုံစံခွက် (ဖို)များကို မီးတစ်နာရီကြာမီးဖုတ်ရပြီး ၎င်း(ဖို)ကို အင်ဂျင်စက်ထိပ်တွင်တပ်ဆင်ကာ စက်သုံးဆီကို အသုံးပြုမောင်းနှင်ရကာ နယ်ထားသောဆန်ကွဲမှုန့်တို့ကို စက်အပေါ်ရှိ ဇလားပုံစံခွက်ထဲ့သို့ထည့်၍ လည်ပတ်လျှင် ဆန်မုန့်ဝေဖာများထွက်ရှိလာပါသည်။

     ဆန်ကွဲတစ်အိတ်လျှင် မုန့်(၂၇) ပိဿာထွက်ရှိကြောင်း၊ ဆန်ကွဲတစ်အိတ်ကို တစ်နာရီကြာမောင်းနှင်ရကြောင်းသိရှိရပါသည်။ ဆန်မုန့်ဝေဖာ မုန့်များအား ပလပ်စတစ်ထုပ်အသေး/ အကြီးများဖြင့်ထုပ်ပိုးရပြီး ၅ထုပ်ပါတစ်တွဲလျှင် လက်လီ (၄၀၀) ကျပ်၊ ၂၄ချောင်းပါ အထုတ်ကြီးတစ်ထုပ်လျှင် (၉၅၀) ကျပ်ဖြင့်  ကြို့ပင်ကောက်မြို့အနီးရှိမြို့များနှင့် ရွှေတောင် မြို့အထိ ကိုယ်ပိုင်ကားနှင့်  အရောက်ပို့စနစ်ဖြင့် ဈေးကွက်ဖြန့်ဖြူးရောင်းချလျက်ရှိပါသည်။ အော်ဒါမှာယူခြင်းရှိလျှင် ရှိသည့်အတိုင်း ပြုလုပ်ရောင်းချပေးလျက်ရှိကြောင်းသိရှိရပါသည်။

       လယ်ယာထုတ်ကုန်ဆန်ကွဲဖြင့်အသုံးပြု၍ ထွက်ရှိသောဆန်မုန့်ဝေဖာလုပ်ငန်းဖြစ်သည့်အတွက် လူတို့အတွက် အာဟာရလည်းဖြစ်၊ ဘေးအန္တရာယ်လည်းကင်းပြီး အိမ်တွင်းမှုလုပ်ငန်း သာမက စီးပွားဖြစ်လုပ်ငန်းတစ်ခုဖြစ်အောင် စက်ပစ္စည်းနှင့် နည်းပညာများတိုးချဲ့အသုံးပြု နိုင်အောင် စဉ်းစားထားလျက်ရှိကြောင်းကို  လုပ်ငန်းရှင်က ဆွေးနွေးပြောကြားခဲ့ပြီး ဌာနအနေ ဖြင့်လည်း ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးနှင့် MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးနေသည့်အခြေအနေများကိုသိရှိနိုင်ရန် အသိပေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)