ယခုနှစ်အတွင်း အင်ဒိုနီးရှားနိုင်ငံမှ ဝယ်လိုအားမြင့်မားမှုကြောင့် ထိုင်းနိုင်ငံ၏ ဆန်တင်ပို့မှု မှာ တန်ချိန် ၈.၇ သန်းမှ ၈.၈ သန်းအထိ ရှိမည်ဟု ကုန်သည်များက ခန့်မှန်းကြကြောင်း Bangkok Post သတင်းဌာနက ဖော်ပြထားပါသည်။
ထိုင်းဆန်တင်ပို့သူများအသင်း၏ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ Chookiat Ophaswongse က ယခုနှစ် စုစုပေါင်း ဆန်တင်ပို့မှုသည် ပြီးခဲ့သည့်နှစ် ဆန်တန်ချိန် ၇.၆၉ သန်းထက် ပိုမိုများပြား မည်ဖြစ်ပြီး ယခင်ခန့်မှန်းထားသည့် တန်ချိန် ၈.၅ သန်းကို ကျော်လွန်မည်ဖြစ်ကြောင်း၊ ဆန်ပို့ကုန်တန်ဖိုးသည် ယခုနှစ်တွင် ဘတ်ငွေ ၁၈၀ ဘီလီယံခန့်ရှိမည်ဟု ခန့်မှန်းရပြီး ဆန်ဈေးနှုန်း မြင့်တက်မှုနှင့်အတူ နိုဝင်ဘာလနှင့် ဒီဇင်ဘာလများတွင် ပို့ကုန်ပမာဏ တိုးတက်လာခြင်းကြောင့် တန်ဖိုးအရ ယခင်နှစ်ကထက် ၂၃% မှ ၂၄% အထိ တိုးတက်ခဲ့ကြောင်း၊ အဓိကဆန်တင်သွင်းသည့် နိုင်ငံများတွင် ပြည်တွင်းဆန်ထုတ်လုပ်မှုလျော့ကျခြင်းကို ဖြည့်ဆည်းလျက်ရှိပြီး နှစ်ကုန်ပိုင်း ဆန် လက်ကျန် စုဆောင်းမှုကို ၂၀၂၄ ခုနှစ် အစပိုင်းအထိ ဆက်လက်လုပ်ဆောင်လျက်ရှိသဖြင့် ထိုင်းနိုင်ငံအနေဖြင့် နိုဝင်ဘာလနှင့် ဒီဇင်ဘာလတွင် ဆန်တန်ချိန် ၁ သန်းနီးပါး တင်ပို့နိုင်မည်ဟု ခန့်မှန်းရကြောင်း၊ ရာသီဥတုကောင်းမွန်ခြင်းကလည်း ဆန်တင်ပို့ လွှဲပြောင်းပေးမှုကို နှောင့်နှေးကြန့်ကြာမှုမရှိပဲ မြန်ဆန်စေကြောင်းဖြင့် ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံမှ ဆန်ကို အဓိကဝယ်ယူသူများတွင် ဆန်တန်ချိန် ၁.၃ သန်း ဝယ်ယူထားပြီးဖြစ်သည့် အင်ဒိုနီးရှားနှင့် တန်ချိန် ၅ သိန်း ခန့်ဝယ်ယူခဲ့သော ဖိလစ်ပိုင်တို့ ပါဝင်သည်။ ယခုနှစ်တွင် စုစုပေါင်း ဆန်တန်ချိန် ၂ သန်းဝယ်ယူရန် အင်ဒိုနီးရှားနိုင်ငံက ကတိပြုခဲ့သည်ဟု ဂျပန်-အာဆီယံ ထိပ်သီးအစည်းအဝေး၏ သီးခြားဆွေးနွေးပွဲတစ်ရပ်၌ ထိုင်းဝန်ကြီးချုပ် Srettha Thavisin ၏ ပြောကြားချက်ကို ကိုးကား၍ Mr. Chookiat က နောက်ထပ် ဆန်တန်ချိန် ၁ သန်းကို အစိုးရချင်း ညှိနှိုင်းမှုဖြင့် ရောင်းချဖွယ်ရှိကြောင်း၊ အင်ဒိုနီးရှားအစိုးရ စားနပ်ရိက္ခာဝယ်ယူရေးအေဂျင်စီ Bulog သည် ဆန်ကွဲ ၅ ရာခိုင်နှုန်းပါဝင်သော ဆန်ဖြူ တန်ချိန် ၅၄၀၀၀၀ ကို ၁၁-၁၂-၂၀၂၃ ရက်နေ့၊ တနင်္လာနေ့တွင် တင်ဒါစနစ်ဖြင့်ဝယ်ယူခဲ့ပြီး ယင်းအနက် တန်ချိန် ၂ သိန်းကို ထိုင်းနိုင်ငံထံမှ ဝယ်ယူခဲ့ကြောင်း ပြောကြားခဲ့ပါသည်။
ယခုနှစ် ပထမ ၁၀ လအတွင်း ထိုင်းနိုင်ငံ၏ ဆန်တင်ပို့မှုမှာ တန်ချိန် ၆.၉၂ သန်းရှိပြီး တန်ဖိုးအားဖြင့် ဘတ်ငွေ ၁၃၆ ဘီလီယံရှိကြောင်း ထိုင်းအကောက်ခွန်ဌာန အချက်အလက်များအရ သိရသည်။
Source: Bangkok Post, 19 Dec 2023(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)