Main menu

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ လိမ္မော်သီးဈေးကွက်အခြေအနေ

Powered by Drupal

   ဆောင်းရာသီနှင်းဖွေးဖွေးနှင့်အတူ ကချင်ပြည်နယ်ဒေသထွက် လိမ္မော်သီးများလှိုင်လှိုင်ပေါ်ထွက်နေပြီဖြစ်ပါသည်။ ခရစ်စ္စမတ်နှင့်နှစ်သစ်ကူးရာသီစာသီးနှံတစ်မျိုးအဖြစ် မြစ်ကြီးနားစျေးကွက်သို့ရောက်ရှိလာပြီး စျေးကောင်းရကာ အ‌ရောင်းအဝယ်ဖြစ်နေပါသည်။

     ကချင်ပြည်နယ်တွင် လိမ္မော်သီးကို ဝိုင်းမော်မြို့နယ်၊ မန်ဒေါင်၊ ကဇူး၊ ဂါးရာယန်ဒေသများ၊ ဖါးကန့်မြို့နယ်လဝါး၊ ဒွန်ဘန်၊ နှောင်းမြီးဒေသများ၊ တနိုင်းမြို့နယ်၊ ကောင်ရာဒေသများတွင် လိမ္မော်ခြံများဖြင့် သဘာဝအတိုင်း အများဆုံးစိုက်ပျိုးကြပြီး မြစ်ကြီးနားမြို့နယ်၊ အကျဲ၊ ရှဒေါင်ဒေသများ၊ မိုးညှင်းမြို့နယ်၊ ဘီလူး၊ ကာဒူဒေသများ၊ ဗန်မော်မြို့နယ်၊ နန့်အုံကြီးဒေသတို့တွင် ကိုင်းဆက်နည်းဖြင့် အနည်းငယ်စိုက်ပျိုးပါသည်။ သဘာဝအတိုင်း စိုက်ပျိုးထွက်ရှိသောလိမ္မော်သီးများသည် အလုံးအရွယ်ကြီးပြီး အရောင်အသွေးမှာ အဝါရောင်တောက်ပ၍ အခွံပါးကာ အရသာမှာလည်း အချိုများကြောင်း၊ ကိုင်းဆက်နည်းဖြင့်စိုက်ပျိုးသော လိမ္မော်သီးများသည် အရွယ်အစားကြီးပြီး အဝါဖျော့ရောင်ရှိကာ အခွံပွ၍ အရသာမှာ အချိုပေါ့ကြောင်းသိရပါသည်။

     ကချင်ဒေသထွက်လိမ္မော်သီးများတွင် ဝိုင်းမော်မြို့နယ်၊ မန်ဒေါင်ဒေသနှင့် ဖါးကန့်မြို့နယ်၊ လဝါးဒေသထွက် လိမ္မော်သီးများသည် အရည်အသွေးကောင်းမွန်၍ စျေးကောင်းရရောင်ပန်းလှလျက်ရှိပါသည်။ လိမ္မော်ခြံရှင်တစ်ဦးမှာ ယခင်နှစ်တွင် သီးနှံကုန်သည်များက ခြံပြတ်အပင်ပြတ်ဝယ်ယူကြသော်လည်း ယခုနှစ်တွင် အလုံးလိုက်သာခြံအ‌ရောက် လာရောက်ဝယ်ယူလျက်ရှိကြောင်း၊ ယခင်နှစ်ထက်စာလျှင်လိမ္မော်သီးအထွက်နှုန်းအနည်းငယ်ကျဆင်းခဲ့သော်လည်း ယခင်နှစ်ထက်စျေးနှုန်းပိုသောကြောင့် အကျိုးအမြတ်မနည်းကြောင်းပြောပြပါသည်။

     လိမ္မော်သီးစျေးကွက်အခြေအနေမှာ ကုန်သည်များက ခြံအရောက်အရွယ်အစားစုံတစ်လုံးလျှင် ၅၀၀ကျပ်နှုန်းဖြင့် ဝယ်ယူတင်ပို့လျက်ရှိပြီး စျေးကွက်တွင် အလုံးအသေး/အကြီးပေါ်မူတည်၍ အကြီးတစ်လုံးလျှင် ၈၀၀ကျပ်၊ အလတ်တစ်လုံးလျှင် ၇၀၀ကျပ်၊ အသေးတစ်လုံးလျှင် ၆၀၀ကျပ်တို့ဖြင့် အ‌ရောင်းအဝယ်ဖြစ်နေကြောင်းသိရပါသည်။

DOCA(ကချင်)