Main menu

မွန်ပြည်နယ်၏(၂၀၂၀-၂၀၂၁)ခုနှစ်ကာလအတွင်းဒေသထွက်ကုန်ရော်ဘာဈေးနှုန်းများပြောင်းလဲမှု လေ့လာဆန်းစစ်သုံးသပ်ချက်

Powered by Drupal

မွန်ပြည်နယ်သည် ရော်ဘာစိုက်ပျိုးဧက အများဆုံးပြည်နယ်တစ်ခုဖြစ်ရာ ၂၀၂၀ ခုနှစ်တွင် ရော်ဘာစိုက်ဧက (၅၀၁၇၁၉) ဧကရှိပြီး အစေးလှီးဧက (၃၃၀၀၁၄)ဧကရှိရာ ရော်ဘာထွက်ရှိမှုစုစုပေါင်း တန်ချိန် သိန်း(၂၄၀၀)ထွက်ရှိကြောင်း မွန်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန စာရင်းအရသိရှိရသည်။ မော်လမြိုင်ကုန်စည်ဒိုင်၏ နေ့စဉ်ဒေသထွက်ကုန်ဈေးနှုန်း အချက်အလက်များအရ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ(၁)ရက်နေ့ ရော်ဘာပေါက်ဈေးမှ RSS-3 တစ်ပေါင်လျှင် (၇၃၀) ကျပ်ရှိခဲ့ပြီး ဇန်နဝါရီလ တစ်လလုံးတွင်ရော်ဘာဈေးနှုန်းများအတက်အကျပြောင်းလဲမှုများစွာဖြစ်ပေါ်ခဲ့မှုမရှိကြောင်းသိရှိရသည်။
ဖေဖော်ဝါရီလအတွင်း အကြောင်းအမျိုးမျိုးကြောင့် ဈေးကွက်အတွင်း အရောင်းအဝယ်ရပ်တန့်မှုများဖြစ်ပေါ်ခဲ့သည်။ ဖေဖော်ဝါရီလအတွင်းရော်ဘာဈေးနှုန်းများသည် အတက်အကျများသည့် အခြေအနေများဖြစ်ပေါ်ခဲ့သည့်အပြင် ဘဏ်လုပ်ငန်းအခက်အခဲများကြောင့် တောင်သူများ၊ အလုပ်သမားများအနေဖြင့် ငွေကြေးလှည့်ပတ်မှု ကိစ္စအဝဝနှင့်ပတ်သက်၍ အခက် အခဲများရင်ဆိုင်ခဲ့ရသည်။ ဖေဖော်ဝါရီလ တတိယအပတ်မှစ၍ မတ်လကုန်သည်အထိ မွန်ပြည်နယ်တွင် ရော်ဘာရွက်ကြွေချိန်ဖြစ်သောကြောင့် အစေးထွက်မှုလျော့နည်းလာသည်။ သို့ရာတွင်ယိုးဒယား နယ်စပ် နှင့်တရုတ်နိုင်ငံမှ ဝယ်လိုအားများရှိသည့် အတွက်ရော်ဘာဈေးနှုန်းသည် ရာသီပိတ်သိမ်းချိန် မေလအထိ ဈေးနှုန်းများတဖြည်းဖြည်း မြင့်တက်လာသည်ကိုတွေ့ ရှိရသည်။ (၂၀၂၁)ခုနှစ်ဇန်နဝါရီလမှ မေလအထိ (၅)လတာကာလအတွင်း တွင်ဖြစ်ပေါ်ခဲ့သော ရော်ဘာပေါက်‌ဈေးမှာ အမြင့်ဆုံးဖြစ်ခဲ့ပြီး RSS-3 တစ်ပေါင်လျှင်(၉၂၀)ကျပ်ထိရှိခဲ့သည်။
(၂၀၂၀)ပြည့်နှစ် ရော်ဘာဈေးနှုန်း အချက်အလက်များအရ ဖေဖော်ဝါရီလတွင် ရော်ဘာ ပေါက်ဈေး (၆၈၀)ကျပ်နှင့် (၇၄၀) ကျပ်ကြားပေါက်ဈေးရှိခဲ့သော်လည်း မတ်လမှစ၍ ဈေးနှုန်းများ တဖြည်းဖြည်းကျဆင်းလာခဲ့ရာ (၅၅၀) ခန့်ရှိခဲ့သည်။ ထို့နောက် မတ်လ(၂၅)မှ ဧပြီ(၅)ရက်နေ့အထိ ပေါက်ဈေးသတ်မှတ်ခြင်းမရှိဘဲ ဝယ်သူစိတ်ကြိုက်အနိမ့်ဈေးဖြင့် ရောင်းဝယ်မှုပြုလုပ်ခဲ့သောကြောင့် တောင်သူများအတွက် ဆုံးရှုံးနစ်နာမှုများဖြစ်ပေါ်ခဲ့သည်။
(၂၀၂၀)နှင့်(၂၀၂၁)ကိုနှိုင်းယှဉ်လျှင် (၂၀၂၁)ရော်ဘာရာသီ (စက်တင်ဘာလ၊ အောက်တိုဘာလ၊ နိုဝင်ဘာလ၊ ဒီဇင်ဘာလ)သည် ဈေးနှုန်းမြင့်တက်ခဲ့သော်လည်း ကျွမ်းကျင်လုပ်သားရှားပါးခြင်း၊ စက်ပစ္စည်းဝယ်ယူရန်ခက်ခဲခြင်းနှင့် အက်စစ်များ ဈေးနှုန်းမြင့်တက်မှုတို့ကြောင့် တောင်သူများအနေဖြင့် အကျိုးပို၍ဖြစ်ထွန်းမှု မရရှိခဲ့ကြောင်းယူဆ နိုင်ပါသည်။ ထိုသို့ရော်ဘာဈေးနှုန်း တက်လာသည့် အကြောင်းအရင်းတစ်ခုမှာ ကိုဗစ်(၁၉)ရောဂါ ကာကွယ်တားဆီးရေးအတွက် လိုအပ်သည့်လက်အိတ်ထုတ်လုပ်ရန်နိုင်ငံခြားမှ ရော်ဘာဝယ်လိုအား များလာခြင်းကြောင့်ဖြစ်သည်။ (၂၀၂၁) ခုနှစ် ရော်ဘာပိတ်သိမ်းချိန်ဖြစ်သော ဇွန်၊ ဇူလိုင်၊ ဩဂုတ်လများ သည် ရော်ဘာအစေးထွက်နှုန်း ကျဆင်းလာသည့်အတွက် ရော်ဘာဈေးနှုန်း ပေါက်ဈေးမှာ RSS-3 တစ်ပေါင်လျှင်(၁၂၀၀)ကျပ်ထိဈေးနှုန်းမြင့်တက်ခဲ့သည်။
ထို့ကြောင့် ယခုနှစ် (၂၀၂၂) ခုနှစ် ဇန်နဝါရီလတွင်ရော်ဘာ ဈေးနှုန်းမှာ RSS-3 တစ်ပေါင်လျှင် (၁၀၃၀) ကျပ်ပေါက်ဈေးဖြစ်ပေါ်နေပြီး (၂၀၂၂)ရာသီပိတ်သိမ်းချိန် ဇွန်၊ ဇူလိုင်၊ ဩဂုတ်လများတွင်လည်း ရော်ဘာဈေးနှုန်း မြင့်တက်လာနိုင်ချေရှိကြောင်း သုံးသပ်ရပါသည်။
DOCA(မွန်)