Main menu

ပခုက္ကူမြို့နယ်အတွင်း ဆေးရွက်ကြီးစိုက်ပျိုးမှုနှင့်ဈေးနှုန်းဈေးကွက်အခြေအနေ

Powered by Drupal

        မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်အတွင်းရှိ ကုက္ကိုလှ၊ ကျွန်းညိုကြီး၊ သံပုရာပင်ကုန်း၊ မြင်းကျွန်း၊ ကျွန်းညို၊ မှိုက်ပင်ကုန်း၊ တင်းဂပ် အုပ်စုအတွင်းရှိကျေးရွာများတွင် စိုက်ပျိုးရေးကို  အဓိကထားလုပ်ကိုင်ကြ၍ ဧရာဝတီမြစ်ရိုးတစ်လျှောက်ရှိ ကိုင်းကျွန်းမြေများတွင် နှစ်စဉ်ငရုတ်၊ ဆေးရွက်ကြီး၊ အစေ့ထုတ်ပြောင်း(CP)၊ ပဲနီကြားနှင့်ကုန်စိမ်းသီးနှံမျိုးစုံကို ရာသီအလိုက်ဒေသ စီးပွားဖြစ် စိုက်ပျိုးကြပြီး ငရုပ်သီးနှံနှင့် ဆေးရွက်ကြီးကို စိုက်ဧကအများဆုံးစိုက်ပျိုးကြောင်း သိရှိရသည်။ ဗမာဆေးရွက်ကြီးမျိုးကို အများဆုံးစိုက်ပျိုးကြောင်း၊ ယခင်နှစ်က စိုက်ဧက(၃၀၀)ခန့်စိုက်ပျိုးပြီး သီးနှံရောင်းချချိန် ဒေသတွင်းဈေးကွက်ကောင်း၍ ဝယ်လိုအားကောင်းပြီး ဈေးနှုန်းမြင့်တက်မှုကြောင့် ယခုနှစ်တွင် ဆေးရွက်ကြီးစိုက်ဧက (၃၅၀)ခန့်အထိ တောင်သူများ စိုက်ပျိုးမှုများလာကြောင်း သိရှိရသည်။

       စိုက်ပျိုးမှုအနေဖြင့် ဗမာဆေးရွက်ကြီးကို သဲနုန်းမြေအမျိုးအစားတွင်စိုက်ပျိုးကြပြီး ရေသွင်း စနစ်ဖြင့် စိုက်ပျိုးကြောင်း ဒေသခံတောင်သူများမှ မိမိစိုက်ခင်းထွက်ဆေးရွက်ကြီးမျိုးစေ့ကို ကိုယ်တိုင်ပျိုးခင်းထောင်၍ စိုက်ပျိုးခြင်းနှင့်ပျိုးပင်ဝယ်ယူစိုက်ပျိုးခြင်း (၂)မျိုးဖြင့်စိုက်ပျိုးကြောင်း၊ မျိုးစေ့တစ်ပြည် ကျပ်(၁)သောင်းခန့်ပေါက်ဈေးရှိပြီး ပျိုးပင်တစ်ပင်လျှင် ကျပ်(၇)ဈေးနှုန်းဖြင့် ဝယ်ယူစိုက်ပျိုးရကြောင်း၊ မျိုးစေ့မှပျိုးထောင်လုပ်ငန်းကို တော်သလင်းလတွင်ပျိုးထောင်ပြီး (၄၅)ရက်ကြာလျှင် စိုက်ခင်းသို့ပျိုးပင်များ ပြောင်းရွှေ့စိုက်ပျိုးကြောင်း၊ တစ်ဧကလျှင် ပျိုးပင်(၇၀၀၀)ခန့် ဝင်ဆန့်ပြီး ပင်ကြားတန်း ကြား(၂)ပေအကွာ စိုက်ပျိုးကြောင်း၊ သီတင်းကျွတ်လတွင်စတင်စိုက်ပျိုပြီး တပေါင်းလတွင် ဆေးရွက် ကြီးများခူးကြောင်း၊ ယခုအချိန်တွင် စိုက်ပင်သက်တမ်း(၂)လခန့်ရှိ၍ အပင်အောက်ခြေ အရွက်ရင့်များ စတင်ခူးကြောင်း၊ ပင်စည်မှထွက်သော အတက်သေးများကိုလည်း ဖဲ့ပေးခြင်းဖြင့် စိုက်ပင်မှဆေးရွက် ကြီးများ ကြီးထွားရန် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

          ဆေးရွက်ကြီးစိုက်ပျိုးမှုတစ်ဧကလျှင် ရာသီဥတု၊ မြေသား၊ သွင်းအားစုသုံးစွဲပုံ မတူညီ၍ တောင်သူတစ်ဦးချင်း နှစ်စဉ်အထွက်နှုန်း မတူညီကြောင်း၊ ၂၀၂၃ ခုနှစ်တွင် တစ်ဧက ပျမ်းမျှပိဿာ (၁၀၀၀ မှ ၁၅၀၀ ထိ)ထွက်ရှိကြောင်း၊ ယခင်နှစ်က ပိဿာ(၉၀၀ မှ ၁၃၀၀ ထိ)ထွက်ရှိပြီး၊ တစ်ပိဿာ လျှင် ကျပ်(၁၀၀၀ မှ ၂၀၀၀)ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ယခုနှစ်တွင် ဆေးရွက်ကြီး တစ်ပိဿာလျှင် အရည်အသွေးလိုက်၍ ကျပ်(၂၅၀၀ မှ ၃၅၀၀)ဈေးနှုန်းဖြင့် ရောင်းချ ရကြောင်း၊ တစ်ဧကကုန်ကျစရိတ်မှာ ကျပ်သိန်း(၂၀)ခန့်ကုန်ကျပြီး (၄၅)သိန်းခန့် ဝင်ငွေရရှိ၍ ကျပ်(၂၅)သိန်းခန့် အကျိုးအမြတ်ရရှိကြောင်း၊ ယခုနှစ်တွင် အလုပ်သမားငှားရမ်းခ၊ သွင်းအားစုအမျိုးမျိုး နှင့်၊ စက်သုံးဆီဝယ်ယူခဈေးနှုန်းကြီးမြင့်မှုကြောင့် ကျပ်(၂၈)သိန်းခန့်ကုန်ကြမည်ဖြစ်၍၊ ဒေသတွင်း သီးနှံရောင်းချ ချိန်တွင် ဆေးရွက်ကြီးတစ်ပိဿာလျှင် ကျပ်(၄၀၀၀)ခန့်ဈေးနှုန်းဖြင့် ရောင်းချမှသာ စိုက်တောင်သူများ အဆင်ပြေမည်ဖြစ်ကြောင်း ကျွန်းညိုကြီးကျေးရွာရှိ စိုက်တောင်သူဦးစိန်သန်းမှ တစ်ဆင့်သိရှိရပါသည်။

       ဆေးရွက်ကြီးသည် မြန်မာလူမျိုးများအနေဖြင့် သုံးစွဲမှုနည်းပါးသော်လည်း လူတိုင်းအတွက် အသုံးဝင်သော ကျန်းမာရေးဆေးဖက်ဝင်တစ်မျိုးဖြစ်၍ ပခုက္ကူဒေသရှိ စိုက်တောင်သူများသည် နှစ်စဉ် မပြတ်စိုက်ပျိုးခဲ့ရာ တောင်သူများမှထွက်ရှိသော ဆေးရွက်ကြီးနှင့်ဆေးရိုးများကို ပခုက္ကူမြို့ပေါ်ရှိကုန်ကြမ်းသုံးစွဲမှု များလျက်ရှိသော ဆေးလိပ်ခုံလုပ်ငန်းရှင်များ၊ ကွမ်းယာရောင်းဝယ်ရေး လုပ်ငန်းရှင်များနှင့် မြန်မာ့တိုင်းရင်းဆေးဖော်စပ်ထုတ်လုပ်ရောင်းချသောလုပ်ငန်းရှင်များမှ ကျေးရွာ များထိဆင်း၍ နှစ်စဉ်ဝယ်ယူလျက်ရှိပြီး ရောင်းလိုအားဝယ်လိုအားကောင်း၍ ဈေးကွက်ခိုင်မာမှုရှိခြင်းကြောင့် ပခုက္ကူမြို့နယ်အတွင်းရှိ ကျေးရွာများ၌ နှစ်စဉ်မပြတ် ဒေသစီးပွားဖြစ် ဆေးရွက်ကြီး စိုက်ပျိုး ခြင်းကြောင့် ပြည်တွင်းရှိ ဒေသခံစိုက်တောင်သူများ၊ အလုပ်သမားများနှင့် စီးပွားရေး လုပ်ငန်းရှင်များ အလုပ်အကိုင်အခွင့်အလမ်း များစွာရရှိလျက်ရှိကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မကွေး)