Main menu

အစေ့ထုတ် ပြောင်းစိုက်ပျို့သည့် တောင်သူများ တွက်ချေကိုက်နေ

Powered by Drupal

          အစေ့ထုတ်ပြောင်းကို အဓိကအားဖြင့် ပြည်တွင်းမွေးမြူရေးအစားအစာအဖြစ် အများဆုံး အသုံးပြုကြပါသည်။ အရက်ချက်လုပ်ငန်းများ၊ ထောပတ်ဖြင့်ပေါက်ပေါက်ပွင့်ပြုလုပ်၍ တန်ဖိုးမြှင့် ထုတ်ကုန်သရေစာအဖြစ်လည်း စားသုံးကြပါသည်။ အစေ့ထုတ်ပြောင်း(မိုး)ကို မေ ၊ ဇွန်လများတွင် စိုက်ပျိုးကြပြီး အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလများတွင် ရိတ်သိမ်းလေ့ရှိပါသည်။ အစေ့ထုတ် ပြောင်း(ဆောင်း)ကို အောက်တိုဘာ၊ နိုဝင်ဘာလများတွင် စိုက်ပျိုးကြပြီး ဖေဖော်ဝါရီ ၊ မတ် ၊ ဧပြီလ များတွင် ရိတ်သိမ်းလေ့ရှိပါသည်။ ၂၀၂၁-၂၀၂၂ခုနှစ်တွင် မြင်းခြံခရိုင်အနေဖြင့် အစေ့ထုတ်ပြောင်း (မိုး)သီးနှံကို မြင်းခြံမြို့နယ်တွင်(၁၇၈၅)ဧက၊ တောင်သာမြို့နယ်တွင်(၂၇)ဧက၊ နွားထိုးကြီးမြို့နယ် တွင်(၅၀၅)ဧက၊ ငါန်းဇွန်မြို့နယ်တွင်(၂၇၀၃)ဧက စိုက်ပျိုးလျက်ရှိကာ မြင်းခြံခရိုင်ချုပ်အနေဖြင့် အစေ့ထုတ်ပြောင်း(မိုး)စုစုပေါင်းစိုက်ဧက(၅၀၂၀) စိုက်ပျိုးကြောင်းသိရှိရပါသည်။ အစေ့ထုတ် ပြောင်း(ဆောင်း)အနေဖြင့် မြင်းခြံမြို့နယ်တွင်(၉၀၂၅)ဧက၊ တောင်သာမြို့နယ်တွင်(၄၄၁)ဧက၊ နွားထိုးကြီးမြို့နယ်တွင်(၅၅၆)ဧက၊ ငါန်းဇွန်မြို့နယ်တွင်(၄၉၂၇)ဧက စိုက်ပျိုးလျက်ရှိကာ မြင်းခြံ ခရိုင်ချုပ်အနေဖြင့် အစေ့ထုတ်ပြောင်း(ဆောင်း)(၁၄၉၄၉)ဧက စိုက်ပျိုးထားရှိပါသည်။ ကုန်စည် စီးဆင်းမှုအနေဖြင့် မြင်းခြံမြို့သို့  မြို့နယ်အတွင်း ကျေးရွာအစုံမှ အစေ့ထုတ်ပြောင်းများ ဝင်ရောက် ပြီး မြင်းခြံမြို့မှ မြဝတီ/ရန်ကုန်မြို့များသို့ တင်ပို့ရောင်းချကြောင်းနှင့် မြင်းခြံခရိုင်အတွင်းမှ ထွက်ရှိ သည့် အစေ့ထုတ်ပြောင်းများ၏ (၆၅/၇၀)ရာခိုင်နှုန်းခန့်သည် ငါန်းဇွန်မြို့နယ်၊ မြို့သာစက်မှုဥယျာဉ် မြို့တော်ရှိ တိရစ္ဆာန်အစားအစာထုတ်လုပ်သည့်စက်ရုံများဖြစ်သည့် Japfa Comfeed Myanmar Pte.Ltd နှင့် De Hues Myanmar Ltd  ကုမ္ပဏီများသို့ တိရစ္ဆာန်အစားအစာထုတ်လုပ်သည့် ကုန်ကြမ်းအဖြစ် အသုံးပြုရန် တင်ပို့ရောင်းချလျက်ရှိကြောင်း ကုန်သည်များထံမှ လေ့လာသိရှိရ ပါသည်။

        လက်ရှိကာလတွင် အစိုဓာတ်ပါဝင်မှု(၁၄/၁၅)ရာခိုင်နှုန်းရှိသည့် အစေ့ထုတ်ပြောင်း တစ်ပိဿာလျှင်(၆၅၀/၆၇၀)ကျပ်နှုန်းဖြင့် ရောင်းဝယ်လျက်ရှိပါသည်။ ယခင်အပတ်တွင်ဖြစ်ပေါ် ခဲ့သောဈေးနှုန်းမှာ(၆၃၀/၆၄၀)ကျပ် အရောင်းအဝယ်ဖြစ်ခဲ့ပြီး သိသိသာသာ ပြောင်းလဲမှုမရှိသော် လည်း ယခင်နှစ်ကာလတူဈေးနှုန်းမှာ (၅၃၀/၅၄၀)ကျပ်ဖြစ်သဖြင့် လက်ရှိဈေးနှုန်းဖြင့် နှိုင်းယှဉ်ပါက ယခင်နှစ်ဈေးနှုန်းထက် အစေ့ထုတ်ပြောင်းဈေးနှုန်း မြင့်တက်ခဲ့ကြောင်း တွေ့ရှိရပါသည်။ လက်ရှိအချိန်တွင် အစေ့ထုတ်ပြောင်း(မိုး) စိုက်ဧကများအားလုံး ရိတ်သိမ်းပြီးထွက်ပေါ်ခဲ့သော်လည်း စိုက်ဧကနည်းသဖြင့် အစေ့ထုတ်ပြောင်း(ဆောင်း)ကဲ့သို့ ဈေးကွက်အတွင်း အလုံးအရင်းဖြင့် ဝင်ရောက်လာခြင်းမျိုးမရှိဘဲ ခပ်ပါးပါးသာ ရောင်းဝယ်လျက်ရှိပါသည်။ အစေ့ထုတ်ပြောင်း(ဆောင်း) အနေဖြင့် စိုက်ဧကအနည်းငယ်သာ ဖူးချိုးရိတ်သိမ်းလျက်ရှိနေပြီး စိုက်ဧကအားလုံးရိတ်သိမ်းကာ လှိုင်လှိုင်ထွက်ပေါ်လာမည့် ဖေဖော်ဝါရီ ၊ မတ်လများမှသာ ရောင်းဝယ်တင်ပို့မှုများ ဝေဝေဆာဆာ ဖြင့် လုပ်ငန်းများပိုမိုတွင်ကျယ်ဖြစ်လာမည်ဖြစ်ကြောင်း လေ့လာသိရှိရပါသည်။ အစေ့ထုတ်ပြောင်း (ဆောင်း)သီးနှံစိုက်ပျိုးရာတွင် တစ်ဧကကုန်ကျစရိတ်အနေဖြင့် ကျပ်(၄၀၀၀၀၀)ဝန်းကျင်ကုန်ကျပြီး တစ်ဧကအထွက်နှုန်းမှာတင်း(၇၀)ခန့်၊ပိဿာအားဖြင့်(၁၂၆၀)ပိဿာခန့်ထွက်ရှိကာ လက်ရှိဈေးကွက် အတွင်းရှိဈေးနှုန်း တစ်ပိဿာလျှင်(၆၅၀)ကျပ်ဖြင့် တွက်ချက်ပါက တစ်ဧကဝင်ငွေ(၈၁၉၀၀၀)ကျပ် ဖြစ်ပါသည်။  တစ်ဧကအကျိုးအမြတ်မှာ(၄၀၀၀၀၀)ကျပ်ခန့်ဖြစ်သဖြင့် တစ်ဧကလျှင်(၁၀၀%)အကျိုး အမြတ်ရှိသည့်အတွက် တောင်သူများအနေဖြင့် ယခင်ထက် ပိုမိုတိုးချဲ့စိုက်ပျိုးသင့်ပါကြောင်း အစေ့ထုတ်ပြောင်းစိုက်ပျိုးထုတ်လုပ်သည့် တောင်သူတစ်ဦးထံမှ လေ့လာသိရှိရပါသည်။

DOCA(မန္တလေး)