Main menu

ပဲစင်းငုံများအား အခြေခံရည်ညွှန်းဈေးနှုန်းထက် ပိုမိုသည့်နှုန်းထားဖြင့် အိန္ဒိယအစိုးရ ဝယ်ယူမည်

Powered by Drupal

    တောင်သူလယ်သမားများ၏ဝင်ငွေကို တိုးတက်စေမည့် ဈေးကောင်းရရှိစေရန်နှင့် အရန်ရိက္ခာဖြည့်ဆည်း သိုလှောင်ရန်အတွက် လက်ရှိကာလတွင် အခြေခံရည်ညွှန်းဈေးနှုန်း၏ အထက်၌  ရောင်းဝယ်လျက်ရှိသော ပဲစင်းငုံများအား ပြောင်းလဲမှုရှိသော ဈေးနှုန်းတွက်ချက်မှုပုံစံဖြင့် အိန္ဒိယ အစိုးရက ဝယ်ယူစုဆောင်းမည်ဖြစ်ကြောင်း သိရှိရပါသည်။

   အမျိုးသား စားသုံးသူများ သမဝါယမအသင်းချုပ် (NCCF) နှင့် အမျိုးသား လယ်ယာထွက် ကုန်သမဝါယမဈေးကွက်အသင်းချုပ် (NAFED) တို့သည် တောင်သူလယ်သမားများထံမှ တိုက်ရိုက်ဝယ်ယူခြင်း သို့မဟုတ် အဝယ်ဒိုင်အလိုက် ရက်သတ္တတစ်ပတ်အတွင်း ဖြစ်ပေါ်သော ဈေးနှုန်း များအပေါ် အခြေပြုတွက်ချက်ရရှိသည့် ဈေးနှုန်းတစ်ရပ်ဖြင့် အခြေခံစိုက်ပျိုးရေးချေးငွေ အဖွဲ့အစည်းများမှတစ်ဆင့် ဝယ်ယူခြင်းဖြင့် ပဲစင်းငုံများကို စုဆောင်းမည်ဖြစ်သည်။ မဟာရဋ္ဌ၊ ကာနာတကာနှင့် ဥတာပရာဒေ့ရှ် တို့အပါအဝင် ပဲစင်းငုံ အဓိကစိုက်ပျိုးရာ ပြည်နယ်များတွင် အစိုးရ၏ ပဲစင်းငုံဝယ်ယူရေးအတွက် လယ်သမားများအား မှတ်ပုံတင်စာရင်းသွင်းခြင်းကို စတင်လုပ်ဆောင်နေပြီဟု ဌာနဆိုင်ရာ အရာရှိတစ်ဦးက Financial Express သတင်းဌာနသို့ ပြောဆိုခဲ့သည်။

    ပဲစင်းငုံအား အခြေခံရည်ညွှန်းဈေးနှုန်းထက် ပိုမိုသောနှုန်းထားဖြင့် အစိုးရကဝယ်ယူခြင်းသည် တောင်သူများသို့ ထုတ်လုပ်မှုတိုးမြှင့်ရန် အချက်ပြသည့် အရိပ်လက္ခဏာတစ်ရပ်ဖြစ်ပြီး နိုင်ငံ၏ ပြည်ပသွင်းကုန်အပေါ် မှီခိုနေရခြင်းကို လျော့ကျစေမည်ဖြစ်ကြောင်း၊ အစိုးရသည် မတ်ပဲကို လည်း အလားတူ ဝယ်ယူရေးနည်းလမ်းဖြင့် ဝယ်ယူလိမ့်မည်ဖြစ်ကြောင်းဖြင့် ၎င်းအရာရှိက ပြောကြားခဲ့သည်။

   မဟာရဋ္ဌပြည်နယ်အတွင်း ကုန်သွယ်မှုဗဟိုအချက်အချာဖြစ်သော Latur မြို့ရှိ  ကုန်အဝယ် ဒိုင်များတွင် ၂၅-၁၂-၂၀၂၃ နေ့၌ ပဲစင်းငုံလက်ကားရောင်းဝယ်မှု ဈေးနှုန်းမှာ ၁ ကွင်တယ် (၁၀၀ ကီလိုဂရမ်)လျှင် ရူပီး ၉၅၀၀ မှ ၉၆၀၀ အတွင်းရှိရာ ၂၀၂၃-၂၄ သီးနှံရာသီနှစ် (ဇူလိုင်လမှ ဇွန်လ အထိ) အတွက် အစိုးရက အနိမ့်ဆုံးထားရှိဝယ်ယူပေးမည့် အခြေခံရည်ညွှန်းဈေးနှုန်းဖြစ်သော ၁ ကွင်တယ်လျှင် ၇၀၀၀ ရူပီးနှုန်းထက် ပိုမိုမြင့်မားလျက်ရှိသည်။

   ထုတ်လုပ်မှုနှင့် စားသုံးမှု ညီညွတ်မျှတခြင်းမရှိသဖြင့် လွန်ခဲ့သော ၂ နှစ်တာ ကာလအတွင်း အဝယ်ဒိုင်များတွင် ပဲစင်းငုံဈေးနှုန်းများသည် အခြေခံရည်ညွှန်းဈေးနှုန်း၏ အထက်၌သာ တည်ရှိနေခဲ့ကြောင်း၊ ထိုသို့ ဈေးနှုန်းမြင့်မားမှုကြောင့် အစိုးရ၏ ဝယ်ယူရေးအဖွဲ့အစည်းဖြစ်သော NAFED သည် အရန်ပဲစင်းငုံထားရှိရန်အတွက် အခြေခံရည်ညွှန်းဈေးဖြင့် ဝယ်ယူမှုကို လုပ်ဆောင်နိုင်ခြင်း မရှိခဲ့ကြောင်း၊ အိန္ဒိယ စားသုံးသူရေးရာဦးစီးဌာန၏ အချက်အလက်များအရ ၂၃-၁၂-၂၀၂၃ နေ့တွင် ပဲစင်းငုံ လက်လီစံပြဈေးနှုန်းသည် ၁ ကီလိုဂရမ်လျှင် ၁၆၀ ရူပီးနှုန်းရှိပြီး လွန်ခဲ့သော ၆ လရှိ ဈေး နှုန်းနှင့် နှိုင်းယှဉ်ပါက ၃၃% မြင့်တက်ခဲ့ကြောင်း၊ အစိုးရအနေဖြင့် မိုးသီးနှံပဲစင်းငုံများ ဈေးကွက်ဝင်ရောက်မှု အမြင့်မားဆုံးဖြစ်သော ရှေ့လာမည့် ဇန်နဝါရီလတွင် ဝယ်ယူရေးလုပ်ငန်းများကို စတင်ဖွယ်ရှိကြောင်း သိရှိရသည်။

   အရန်ရိက္ခာပဲများအား ဈေးကွက်ပေါက်ဈေးအတိုင်း ဝယ်ယူရာ၌ အိန္ဒိယစားသုံးသူရေးရာဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ဈေးနှုန်းတည်ငြိမ်ရေးရန်ပုံငွေမှ ကျခံသုံးစွဲမည်ဖြစ်ကြောင်း၊ ကုန်စည်အားဝယ်ယူသည့်နေ့မှ ၃ ရက်အတွင်း တောင်သူလယ်သမားများ၏ ဘဏ်ငွေစာရင်းသို့ တိုက်ရိုက်လွှဲပြောင်းပေးချေမည်ဖြစ်ကြောင်း၊ ပဲစင်းငုံ၏ ဈေးနှုန်းတွက်ချက်မှုမှာ စံသတ်မှတ်ထားသည့် ဈေးကွက်များ၌ ဖြစ်ပေါ်သော ပျမ်းမျှအမြင့်ဆုံးဈေးနှုန်းနှင့် ပျမ်းမျှစံပြဈေးနှုန်းကို အခြေခံမည်ဖြစ်ပြီး အမြင့်ဆုံးဈေးနှုန်းနှင့် စံပြဈေးနှုန်းတို့သည် ၃၀% နှင့် ၇၀% အချိုး ပါဝင်မည်ဖြစ်ကြောင်း ဌာနဆိုင်ရာ အရာရှိများက ပြောဆိုခဲ့သည်။

Source: Financial Express, 26 Dec 2023 (လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

a