Main menu

တရုတ်နိုင်ငံ၌ ၂၀၂၄ ခုနှစ်အတွက် ကောက်ပဲသီးနှံ အထွက်ပမာဏ လျာထားသတ်မှတ်

Powered by Drupal

  ပြည်တွင်း၌ ကောက်ပဲသီးနှံ၊ ပြောင်းနှင့် ပဲပုပ်စေ့များ ထုတ်လုပ်မှုကို တည်ငြိမ်စေရန်၊ ဆီမုံညင်းစိုက်ဧရိယာတိုးချဲ့နိုင်ရန်နှင့် အထွက်နှုန်း တိုးတက်စေရန် ရည်ရွယ်လျက် ၂ဝ၂၄ ခုနှစ် အတွက် သီးနှံထုတ်လုပ်မှုလျာထားချက်ကို ချမှတ်ပြီးဖြစ်ကြောင်း တရုတ်နိုင်ငံ စိုက်ပျိုးရေးနှင့် ကျေးလက်ရေးရာဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်ခဲ့ပါသည်။

   တရုတ်နိုင်ငံသည် စိုက်ပျိုးနိုင်သောမြေယာများကို ဆက်လက်ထိန်းသိမ်းပြီး စိုက်ဧကများ ကို တိုးချဲ့ခြင်း၊ အထွက်နှုန်းတိုးတက်စေခြင်းနှင့် သီးနှံအရည်အသွေးကောင်းမွန်စေခြင်းတို့ကို ဆောင်ရွက်လျက် ၂ဝ၂၄ ခုနှစ်တွင် စုစုပေါင်းသီးနှံ ၁.၃ ထရီလီယံ ချင် (Jin) (မက်ထရစ်တန် ၆၅ဝ သန်း) ထုတ်လုပ်သွားနိုင်ရန် ရည်မှန်းထားကြောင်း သိရှိရပါသည်။

   တရုတ်နိုင်ငံ၏ ကောက်ပဲသီးနှံ ထွက်ရှိမှုသည် ၉ နှစ်ဆက်တိုက် ၁.၃ ထရီလီယံချင် အထက် ရရှိခဲ့ပြီး ၂ဝ၂၃ ခုနှစ်တွင် စံချိန်သစ်အဖြစ် ၁.၃၉  ထရီလီယံချင် ထုတ်လုပ်နိုင်ခဲ့ကြောင်း အမျိုးသား စာရင်းအင်းဗျူရိုဌာနက ထုတ်ပြန်ခဲ့ပါသည်။

    သဘာဝဘေးအန္တရာယ်များကို မကြာခဏရင်ဆိုင်ရမှုနှင့်အတူ ၂ဝ၂၃ ခုနှစ်အတွက် သီးနှံ များ ရိတ်သိမ်းမှုပြည့်မီစေမှာ စိန်ခေါ်မှုဖြစ်ပေါ်လျက်ရှိခဲ့ကြောင်း၊ တရုတ်နိုင်ငံ၏ လူဦးရေများပြား မှုက စားသုံးမှု တိုးတက်စေပြီး စားနပ်ရိက္ခာ ဝယ်လိုအားကို မြင့်တက်စေကြောင်း၊ ကမ္ဘာ့ လယ်ယာ ထွက်ကုန်ပစ္စည်းများ ကုန်သွယ်မှုတွင်လည်း မသေချာမရေရာမှုများနှင့် တွေ့ကြုံနေရကြောင်း၊ စားနပ်ရိက္ခာဖူလုံရေးကို စနစ်တကျ စုစည်းဆောင်ရွက်ရမည်ဖြစ်ကြောင်းဖြင့် တရုတ်သိပ္ပံပညာ အကယ်ဒမီ (Chinese Academy of Sciences) မှ ပညာရှင်တစ်ဦးဖြစ်သူ Mr. Qian Qian က ပြောကြားခဲ့ပါသည်။

   တရုတ်နိုင်ငံသည် ၂ဝ၂၄ ခုနှစ်တွင် အဓိကသီးနှံများ၏ တစ်ယူနစ်အထွက်နှုန်း တိုးတက် စေရန် အမြောက်အများစိုက်ပျိုးသည့်နည်းလမ်းကို ကျင့်သုံးဆောင်ရွက်မည်ဖြစ်ကြောင်း၊ ပြောင်း ကို စီရင်စု ၁ဝဝ၊ ဂျုံကို စီရင်စု ၁ဝဝ နှင့် ဆီမုံညင်းကို စီရင်စု ၁ဝ၂ ခုတို့တွင် စိုက်ပျိုးထုတ်လုပ်ရန် စီစဉ်ထားကြောင်း၊ သီးနှံစိုက်ပျိုးမှုအရည်အသွေး ကောင်းမွန်စေရန် စွမ်းဆောင်ရည် မြင့်မားသည့် မျိုးစေ့ချ စိုက်ပျိုးမှုကိရိယာများ အသုံးပြုခြင်း၊ စိုက်ပျိုးရေးလုပ်ငန်းသုံး စက်ကိရိယာများ ဝယ်ယူအသုံးပြုနိုင်ရေး ထောက်ပံ့ငွေများနှင့် ချေးငွေများ ထုတ်ပေးခြင်းတို့ကို တိုးမြှင့်ဆောင်ရွက်မည် ဖြစ်ကြောင်း၊ ရေနှင့် ဓာတ်မြေဩဇာတို့ကို တိကျစွာထိန်းချုပ်နိုင်သည့် ဆည်မြောင်းလုပ်ငန်းသုံး ကိရိယာများ အသုံးပြုမည်ဖြစ်ကြောင်းနှင့် ၂ဝ၂၄ ခုနှစ်အတွင်း ပဲပုပ်စေ့ တစ်ယူနစ် အထွက်နှုန်း တိုးမြှင့်ရေး စီမံကိန်းကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း Ecns သတင်းဝက်ဘ်ဆိုက်က ဖော်ပြ ပါသည်။

Source: Ecns.cn, 26 Dec 2023(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)