Main menu

အိုပက်အဖွဲ့မှ အင်ဂိုလာနှုတ်ထွက်မည်

Powered by Drupal

   ရေနံဈေးနှုန်းများ ကျဆင်းမှုမရှိစေရေးအတွက် လွန်ခဲ့သောလများမှ စတင်၍ ထုတ်လုပ်မှု ထပ်မံလျှော့ချရန် တွန်းအားပေးဆောင်ရွက်လျက်ရှိသည့် ဆော်ဒီအာရေဗျနိုင်ငံ ဦးဆောင်သော ရေနံတင်ပို့သည့်နိုင်ငံများ အဖွဲ့အစည်း (Organization for Petroleum Exporting Countries-OPEC) မှ နုတ်ထွက်သွားမည်ဖြစ်ကြောင်း အင်ဂိုလာနိုင်ငံအစိုးရက ၂၁-၁၂-၂၀၂၃ နေ့တွင် ပြောကြားခဲ့ပါသည်။

   အဆိုပါအိုပက်အဖွဲ့၌ ပါဝင်ဆောင်ရွက်မှုမှာ လက်ရှိကာလတွင် မည်သည့်အကျိုးကျေးဇူးမျှ ဖြစ်ထွန်းမှုမရှိကြောင်း၊ သို့ဖြစ်ရာ မိမိတို့နိုင်ငံ၏ အကျိုးစီးပွားကို ကာကွယ်ရန်အတွက် ၎င်းအဖွဲ့မှ နုတ်ထွက်ရခြင်း ဖြစ်ကြောင်းဖြင့် အင်ဂိုလာနိုင်ငံ သတ္တုအရင်းအမြစ်နှင့် ရေနံဝန်ကြီးဌာန၏ ဝန်ကြီးဖြစ်သူ Diamantino Azevedo က ပြောဆိုခဲ့သည်။ လွန်ခဲ့သောဆယ်စုနှစ်အတွင်း အိုပက် ကို ကျောခိုင်းစွန့်ခွာခဲ့ကြသည့် အလယ်အလတ်အဆင့် ရေနံထုတ်လုပ်သူများဖြစ်သော အီကွေဒေါ နှင့် ကာတာတို့နည်းတူ အင်ဂိုလာသည်လည်း နှုတ်ထွက်ခဲ့ခြင်းဖြစ်သည်။

    နိုင်ငံတကာ ရေနံဈေးနှုန်းများမှာ ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ၂.၄% အထိ ကျဆင်းခဲ့ပြီး အိုပက်မှ အင်ဂိုလာ၏နှုတ်ထွက်မှုက ၎င်းအဖွဲ့နှင့် ရုရှားနိုင်ငံပါဝင်သော အိုပက်နှင့်မဟာမိတ်အဖွဲ့ (OPEC+) တို့၏ စည်းလုံးညီညွတ်မှုအပေါ် မေးခွန်းထုတ်ဖွယ်ရာဖြစ်ခဲ့ကြောင်း လေ့လာဆန်းစစ်သူ များက ပြောကြားခဲ့ကြသည်။

   အိုပက်နှင့်မဟာမိတ်အဖွဲ့က ရေနံဈေးကွက်ခိုင်မာအားကောင်းစေရေးအတွက် ၂ဝ၂၄ ခုနှစ် ဇန်နဝါရီလမှစတင်၍ ရေနံထုတ်လုပ်မှုများကို လျှော့ချသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။ ၂ဝ၂၄ ခုနှစ်အတွက် ရေနံထုတ်လုပ်မှုခွဲတမ်းကို လျှော့ချဖြတ်တောက်သွားမည်ဖြစ်ကြောင်း အိုပက် နှင့်မဟာမိတ်အဖွဲ့၏ ဆုံးဖြတ်ချက်အပေါ် ဆန့်ကျင်ကန့်ကွက်ခဲ့ပြီးနောက် အင်ဂိုလာက နုတ်ထွက် မည်ဟု ကြေညာခဲ့ခြင်းဖြစ်သည်။ အဆိုပါ အငြင်းပွားမှုက အိုပက်နှင့်မဟာမိတ်အဖွဲ့၏ နိုဝင်ဘာလ အတွင်း မူဝါဒအစည်းအဝေး ကျင်းပမှုနှင့် ရေနံထုတ်လုပ်မှု လျှော့ချထိန်းချုပ်ရေး သဘောတူ ညီချက် ချမှတ်မှုတို့ကို နှောင့်နှေးစေခဲ့သည်။

   ၄င်းဖြစ်ရပ်သည် အိုပက်အဖွဲ့အတွင်း၌ သဘောထားကွဲလွဲများ ရှိနေသည်ကို ပြသလျက်ရှိ ကြောင်း၊ ထိုသို့ ညီညွတ်မှုမရရှိခြင်းမှာ ကာလကြာမြင့်ခဲ့ပြီဖြစ်ကြောင်းနှင့် အကျိုးဆက်များလည်း ဖြစ်ပေါ်လာနိုင်ပြီး အခြားနိုင်ငံများသည်လည်း အိုပက်က ရည်မှန်းထားသကဲ့သို့ ရေနံကိုလျှော့ချ ထုတ်လုပ်ဖွယ်မရှိကြောင်းဖြင့် အိုမန်နိုင်ငံ စွမ်းအင်ဝန်ကြီးဌာနရှိ ဈေးကွက်ရှာဖွေရေးဌာနတွင် ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ယူလုပ်ကိုင်ခဲ့သော Ali Al-Riyami က ပြောကြားခဲ့ပါသည်။

    အိုပက်အဖွဲ့၌ ပါဝင်သော အခြားအာဖရိကနိုင်ငံတစ်ခုဖြစ်သည့် နိုင်ဂျီးရီးယားသည် ရေနံ ထုတ်လုပ်မှုကို တိုးမြှင့်နိုင်ရန်နှင့် ၄င်း၏ဝေစုကိုတာပြည့်မီစေရန် ကြိုးပမ်းလုပ်ကိုင်လျက်ရှိသည်။ နိုဝင်ဘာလအစည်းအဝေးတွင် မျှော်မှန်းထားသည်ထက် နည်းပါးသော ၂ဝ၂၄ ခုနှစ်အတွက် ရေနံ ထုတ်လုပ်မှု ခွဲတမ်းသတ်မှတ်ချက်ကို လက်ခံရှိမှုက ၎င်း၏ ရေနံထုတ်လုပ်မှုတိုးတက်စေရန် စွမ်းဆောင်ရည်အပေါ် အကန့်အသတ်ဖြစ်စေခဲ့သဖြင့် နိုင်ဂျီးရီးယားနိုင်ငံက အဆိုပါ အိုပက်နှင့် မဟာမိတ်အဖွဲ့၏ ရည်မှန်းချက်နှင့် စပ်လျဉ်း၍ ပြန်လည်ဖြေကြားပေးရန် တောင်းဆိုခဲ့သည်။ သို့သော် အိုပက်အဖွဲ့က ပြန်လည်တုံ့ပြန်ပြောဆိုမှု မပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

   အိုပက်အဖွဲ့၏ နေ့စဉ်ရေနံထုတ်လုပ်မှုမှာ ရေနံစည်ပေါင်း ၂၈ သန်းရှိပြီး ၎င်းအဖွဲ့၌ ၂ဝဝ၇ ခုနှစ်မှ စတင်၍ ပါဝင်ခဲ့သော အင်ဂိုလာနိုင်ငံသည် ၁ ရက်လျှင် ရေနံစည်ပေါင်း ၁.၁ သန်းထုတ်လုပ် လျက်ရှိသည်။ အင်ဂိုလာက နှုတ်ထွက်ပြီးနောက် အဖွဲ့ဝင် ၁၂ နိုင်ငံသာ ကျန်ရှိတော့မည်ဖြစ်သော အိုပက်အဖွဲ့၏ ရေနံထုတ်လုပ်မှုမှာ ၁ ရက်လျှင် ရေနံစည်ပေါင်း ၂၇ သန်းရှိမည်ဖြစ်ပြီး နေ့စဉ် ရေနံစည်ပေါင်း ၁၀၂ သန်းကို ထုတ်လုပ်လျက်ရှိသော ကမ္ဘာ့ဈေးကွက်၌ ၂၇% ခန့်သာ ပါဝင်မည်ဖြစ် ကြောင်း သိရှိရပါသည်။

Source: Jakarta Post, 22 Dec 2023(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)