Main menu

တိုင်းတောင်သူဖွံ့ဖြိုးရေးအဖွဲ့၏ ပဲစဉ်းငုံစုပေါင်းရောင်းချပွဲ

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးမျိုးဝင်းသည် ၁၈.၁.၂၀၂၂ ရက်နေ့တွင် ရေနံချောင်းမြို့၊ စက်မှုဇုန်ရှိ (New One)စက်ရုံ၌ ကျင်းပပြုလုပ်သော တိုင်းတောင်သူ ဖွံ့ဖြိုးရေးအဖွဲ့၏ ပဲစဉ်းငုံသီးနှံစုပေါင်းရောင်းချပွဲသို့ သွားရောက်၍ ဒု-ဥက္ကဌ ဦးမြင့်ရွှေနှင့် တွေ့ဆုံမေးမြန်းခဲ့မှု ပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

          မကွေးခရိုင်၊ ရေနံချောင်းမြို့နယ်နှင့် ချောက်မြို့နယ်တို့မှ တိုင်းတောင်သူ ဖွံ့ဖြိုးရေးအဖွဲ့ဝင် ပဲစဉ်းငုံစိုက်တောင်သူများမှ စုပေါင်းရောင်းချခဲ့ခြင်းဖြစ်ကြောင်း၊ တိုင်းတောင်သူဖွံ့ဖြိုးရေးအဖွဲ့၏ မျှော်မှန်းချက်အနေဖြင့် အရည်အသွေးကောင်းမွန်ပြီး ဒေသရာသီဥတုနှင့်ကိုက်ညီသည့် ဆီထွက် သီးနှံနှင့်ပဲမျိုးစုံသီးနှံများကို မျိုးကောင်းမျိုးသန့်မျိုးစေ့ထုတ်လုပ်ခြင်းဖြင့် ဈေးကွက်အာမခံချက် ရှိသော မျိုးကောင်းမျိုးသန့်များအား အဖွဲ့ဝင်တောင်သူများသို့ ပြန်လည်ဖြန့်ဝေပေးနိုင်ရန်နှင့် အဖွဲ့ဝင်များ အားလုံးစားနပ်ရိက္ခာဖူလုံပြီး ရေရှည်လူနေမှုဘဝမြင့်မားတိုးတက်လာစေရန် မျှော်မှန်းကြောင်း၊ ထွက်ကုန်နှင့်ဝန်ဆောင်မှုများအနေဖြင့် အပူပိုင်းဇုံဒေသရှိ ဆီထွက်သီးနံနှင့် ပဲမျိုးစုံသီးနှံများ စနစ်တကျဖြင့် ကျယ်ပြန့်စွာ စိုက်ပျိုးထုတ်လုပ်လာနိုင်ရန်အတွက် တောင်သူများအား စိုက်ပျိုးရေး ဦးစီးဌာနနှင့်ပူးပေါင်း၍ GAP သီးနှံများစိုက်ပျိုးလာရေး တောင်သူများအား နည်းပညာများဖြန့်ဝေ ပေးခဲ့ပါကြောင်း၊ စိုက်ပျိုးသူတောင်သူများအတွက် အရည်အသွေးပြည့်မှီသော စိုက်ပျိုးရေး သွင်းအားစု များအား အချိန်မှီရရှိစေရေးအတွက် သွင်းအားစုရောင်းချသည့်ကုမ္ပဏီများနှင့် ချိတ်ဆက်၍ အရည်အသွေးအာမခံပြီး အကြွေးစနစ်ဖြင့်ဝယ်ယူနိုင်ရေး ချိတ်ဆက်ဆောင်ရွက်ပေးခဲ့ကြောင်း၊ တောင်သူများအတွက် အတိုးနှုန်းသက်သာသောချေးငွေများ လက်လှမ်းမှီလာစေရန် ဘဏ်များနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်းများပြုလုပ်ပေးခဲ့ပါကြောင်း၊ သီးနှံစျေးကွက်များ ကောင်းမွန်ခိုင်မာလာ စေရန်အတွက် စုပေါင်းရောင်းချသည့်စနစ်ဖြင့် ပွင့်လင်းမြင်သာစွာဆောင်ရွက်ခဲ့ကြောင်း တောင်သူ ဖွံ့ဖြိုးရေးအဖွဲ့ ဒု-ဥက္ကဌ ဦးမြင့်ရွှေ၏ ပြောကြားချက်အရ သိရှိရပါသည်။

          ရေနံချောင်းမြို့နယ်တွင် တိုင်းတောင်သူဖွံ့ဖြိုးရေးအဖွဲ့မှ ဦးဆောင်၍ ပဲစဉ်းငုံသီးနှံစုပေါင်း ရောင်းချပွဲကို (၁၅.၁၂.၂၀၂၁)ရက်နေ့မှစ၍ Export ကုမ္ပဏီများနှင့်တိုက်ရိုက် Video Conferencing ဖြင့် ချိတ်ဆက်ရောင်းချခဲ့ရာ ပဲစဉ်းငုံပိဿာ(၂၀)(၁)တင်းလျှင်(၃၅၀၀၀)ကျပ်မှ နေ့စဉ်ပေါက်ဈေးဖြင့် ရောင်းချခဲ့ရာ (၁၉.၁.၂၀၂၂)ရက်နေ့တွင် အမြင့်ဆုံး (၄၂၀၀ဝိ/-)ကျပ်ထိ ရောင်းချခဲ့ရကြောင်း သီးနှံများကို ချိန်တွယ်မှုစနစ်မှန်ကန်စွာဖြင့် ပွဲခ၊ လုပ်သားခပေးချေရခြင်းမရှိဘဲ အိတ်ခွံအတွက် (၁၂.၅)ကျပ်သားကိုသာ ပေးခဲ့ရသည့်အတွက် တောင်သူများအနေဖြင့် တစ်ဦးချင်းပွဲရုံများတွင် ရောင်းချသည်ထက် အကျိုးအမြတ်ပိုမိုရရှိကြောင်းသိရှိရပါသည်။

မကွေးခရိုင် ရေနံချောင်းမြို့နယ်နှင့် ချောက်မြို့နယ်တို့တွင် ပဲစဉ်းငုံစိုက်ဧကမှာ (၃၅၀၀၀)ဧက ဝန်းကျင်စိုက်ပျိုးခဲ့ပြီး ယခင်နှစ်(၁)ဧက စိုက်ပျိုးထုတ်လုပ်ကုန်ကျစရိတ်မှာ (၁၅၀၀၀၀ ကျပ်မှ ၂၀၀၀၀၀ ကျပ်)ကြားကုန်ကျ၍ (၁)တင်းရောင်းစျေးမှာ (၂၀၀၀၀ကျပ်မှ ၂၅၀၀၀ကျပ်) ကြားသာရှိခဲ့သော်လည်း ယခုနှစ်တွင် သွင်းအားစုဈေးနှုန်းမြင့်တက်ခဲ့သည့်အတွက် (၁)ဧက စိုက်ပျိုးထုတ်လုပ်မှု (၂၁၀၀၀၀ ကျပ်မှ ၂၅၀၀၀၀ကျပ်) ဝန်းကျင်ရှိခဲ့ပြီး (၁)ဧကအထွက်နှုန်းအနေဖြင့် (၁၀တင်းမှ၁၃တင်း) ကြား ရရှိခဲ့ပြီး ပေါ်ကာစတွင် (၃၄၀၀၀ကျပ်)ဝန်းကျင်ကျပ်ရရှိခဲ့၍ (၁)ဧက အကျိုးအမြတ်အနေဖြင့် (၁၃၀၀၀၀)ကျပ်ဝန်းကျင်ရရှိခဲ့ပါကြောင်း၊ ပဲစဉ်းငုံသီးနှံမှာ အိန္ဒိယ၏ ပဲဝယ်ယူမှုအခြေအနေပေါ် မူတည်၍ ဈေးနှုန်းအတက်အကျရှိသော်လည်း တိုင်းတောင်သူဖွံ့ဖြိုးရေးအသင်းဝင်တောင်သူများအနေဖြင့် နည်းပညာနှင့်အရည်အသွေးမှီသွင်းအားစုများအား ဈေးနှုန်းမှန်ကန်စွာဝယ်ယူရရှိခဲ့သည့်အပြင် စိုက်ပျိုးချိန်လိုအပ်သည့် ငွေကြေးအရင်းအနှီးများလည်း အတိုးနှုန်းသက်သာစွာရရှိခဲ့သည့် အတွက် တွက်ခြေကိုက်မှုရှိကြောင်း အလားတူမကွေးမြို့နယ်တွင်လည်း တိုင်းတောင်သူ ဖွံ့ဖြိုးရေးအဖွဲ့၏ သီးနှံစုပေါင်းရောင်းချပွဲကို မကွေးမြို့နယ်၊ ကံလှကျေးရွာရှိ Good Brother ကုမ္ပဏီ၏ ထွန်စက်စခန်းတွင် ပြုလုပ်ကြောင်းသိရှိရပါသည်။

 DOCA(မကွေး)