Main menu

ရော်ဘာတင်ပို့မှုအပေါ် အခွန်ကင်းလွတ်ခွင့် ကမ္ဘောဒီးယား သက်တမ်းတိုးမြှင့်

Powered by Drupal

    ကမ္ဘောဒီးယားနိုင်ငံ၌ ရော်ဘာစိုက်ပျိုးထုတ်လုပ်မှုကို တွန်းအားပေးမြှင့်တင်ရန်နှင့် ပြည်ပဝယ်လိုအားနည်းပါးမှုအရ ရော်ဘာဈေးနှုန်းများကျဆင်းမှုနှင့် ရင်ဆိုင်နေရသော ပို့ကုန်လုပ်ငန်းရှင် များနှင့် စိုက်ပျိုးထုတ်လုပ်သူများကို အထောက်အပံ့ပြုရန် ရည်ရွယ်လျက် ရော်ဘာတင်ပို့မှုအပေါ် အခွန်ကင်းလွတ်ခွင့်ပြုခြင်းကို ၁-၁-၂၀၂၄ ရက်နေ့မှ စတင်၍ နောက်ထပ် ၂ နှစ်အထိ သက်တမ်းတိုးမြှင့်ခဲ့ကြောင်း သိရှိရပါသည်။

    ကမ္ဘောဒီးယားဝန်ကြီးချုပ် Hun Manet က ၂၃-၁၁-၂၀၂၃ ရက်နေ့၌ လက်မှတ်ရေးထိုး အတည်ပြုထားသော အစိုးရ ရုံးမိန့်တစ်ရပ်တွင် ရော်ဘာတင်ပို့မှုအပေါ် ပြန်လည်ပြင်ဆင်ကောက်ခံမည့် အခွန်နှုန်းထား တည်ဆောက်ပုံဆိုင်ရာ အချက်အလက်များကို ၂၈-၁၂-၂၀၂၃နေ့၌ မြင်တွေ့ခဲ့ ရကြောင်း၊ အသစ်ပြင်ဆင်သည့် လုပ်ထုံးလုပ်နည်းများအရ ရော်ဘာတစ်တန်၏ ဈေးနှုန်းသည် ဒေါ်လာ ၁၆၀၀ အောက်ဖြစ်ပါက ပို့ကုန်အပေါ် အခွန်ကင်းလွတ်မှုရှိမည်ဖြစ်ကြောင်း၊ ဒေါ်လာ ၁၆၀၀ မှ ၂၀၀၀ အောက်အတွင်း ဖြစ်ပါက ၁ တန်လျှင် အခွန် ၂၅ ဒေါ်လာနှုန်း၊  ဒေါ်လာ ၂၀၀၀ မှ ၂၇၀၀ အောက်အတွင်း ဖြစ်ပါက ၁ တန်လျှင် အခွန် ၅၀ ဒေါ်လာနှုန်း၊  ဒေါ်လာ ၂၇၀၀ မှ ၃၆၉၉ ဒေါ်လာအထိ ဖြစ်ပါက ၁ တန်လျှင် အခွန် ၁၀၀ ဒေါ်လာနှုန်းနှင့် ဈေးနှုန်းသည်  ဒေါ်လာ ၃၇၀၀ နှင့် အထက်ဖြစ်ပါက ၁ တန်လျှင် အခွန် ၂၀၀ ဒေါ်လာနှုန်း အသီးသီး စည်းကြပ်မည်ဖြစ်ကြောင်းဖြင့် Phnom Penh Post သတင်းဌာနက ဖော်ပြပါသည်။

    ကမ္ဘောဒီးယား ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းများ အသင်းချုပ် (Cambodia Chamber of Commerce) မှ ဒုတိယဥက္ကဋ္ဌ Lim Heng က နိုဝင်ဘာလ၌ ကျင်းပခဲ့သော အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍတို၏ ညီလာခံဆွေးနွေးပွဲတွင် လုပ်ငန်းရှင်များ၏ တောင်းဆိုခဲ့မှုအရ အစိုးရက ယခုကဲ့သို့ ဖြေလျော့ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါညီလာခံတွင် ကမ္ဘောဒီးယား ရော်ဘာလုပ်ငန်းဖွံ့ဖြိုးရေးအသင်းသည် ကမ္ဘာ့ရော်ဘာဈေးကွက်၌ ကာလရှည်ကြာစွာ ဈေးနှုန်းကျဆင်းမှုအရ ရော်ဘာပို့ကုန်အပေါ် ကောက်ခံသည့် အခွန်နှုန်းထားများကို ချိန်ညှိဆောင်ရွက်ပေးရန် ဝန်ကြီးချုပ် ထံသို့ အဆိုပြုလွှာ တင်ပြခဲ့ကြောင်း၊ ထို့နောက်အစိုးရသည် အကောက်ခွန်ဦးစီးဌာနအား တာဝန်ပေးအပ် ဆောင်ရွက်စေခဲ့ရာ ရော်ဘာပို့ကုန်အပေါ် နောက်ထပ် ၂ နှစ်အထိ အခွန်သက်သာခွင့်ရရှိမည့် ကောင်းမွန်သောရလဒ် ထွက်ပေါ်ခဲ့ကြောင်း၊ နိုင်ငံ၏ ရော်ဘာစိုက်ဧရိယာသည် ဟက်တာ ၄ သိန်းကျော်ခန့် ရှိနေချိန်၌ ဤကဲ့သို့ အခွန်ဆိုင်ရာဆွဲဆောင်မှုပေးခြင်းက ရော်ဘာရောင်းလိုအား အပိုင်းကို တည်ငြိမ်မှုရရှိစေမည်ဖြစ်ကြောင်းဖြင့် ပြောကြားခဲ့သည်။

    ကမ္ဘောဒီးယားအစိုးရ၏ အချက်အလက်များအရ ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလ အတွင်း ရော်ဘာတင်ပို့မှုမှ ဝင်ငွေ ဒေါ်လာ ၄၄၅.၅ သန်းနှင့် ရော်ဘာသစ်ထုတ်ကုန် တင်ပို့မှုမှ ဒေါ်လာ ၁.၅၀၃ သန်း ရရှိခဲ့ကြောင်း သိရသည်။ နိုဝင်ဘာလအတွင်း ရော်ဘာတစ်တန်၏ ဈေးနှုန်းမှာ ၁၃၃၃ ဒေါ်လာရှိပြီး ယခင်နှစ် ကာလတူအောက် ၇.၇% ကျဆင်းခဲ့သည်။ ကမ္ဘောဒီးယား၏ ရော်ဘာသစ်ထုတ်ကုန် တင်ပို့ရာ၌ ဈေးနှုန်းမှာ ၁ ကုဗမီတာလျှင် ၂၃၁ ဒေါ်လာနှုန်း ရရှိခဲ့သည်။

    ကမ္ဘောဒီးယားရော်ဘာလုပ်ငန်းဌာန၏ စာရင်းများအရ လက်ရှိကာလတွင် ရော်ဘာစိုက်ပျိုးထားရှိမှု ဧရိယာမှာ ၄၀၄၅၇၈ ဟက်တာရှိပြီး ၎င်းအနက် ၇၈% ဖြစ်သော ၃၁၅၃၃၂ ဟက်တာမှ ရော်ဘာအစေးခြစ် ထုတ်လုပ်လျက်ရှိကြောင်း၊ ကျန်ရှိသော စိုက်ပျိုးဧရိယာမှာ ပြုစုစိုက်ပျိုးထားဆဲ ဖြစ်ကြောင်း သိရှိရသည်။

Source: The Phnom Penh Post, 28 Dec 2023(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)