Main menu

ဆင်ဖြူကျွန်းဒေသထွက် ပန်းဂေါ်ဖီစိုက်ပျိုးမှုနှင့် ဈေးနှုန်း/ဈေးကွက်

Powered by Drupal

      မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ဆင်ဖြူကျွန်းမြို့၊ စလင်းချောင်းအနောက်ဘက်ရှိ နွယ်တမယ်၊ ချောင်းဖြူ၊ ချောင်းကောက်၊ ညောင်ကုန်း၊ ပန်းတော၊ မြောင်းဘောင် စသည့်ကျေးရွာ များမှ တောင်သူများသည် စလင်းချောင်းရေကိုအမှီပြု၍ ဟင်းသီးဟင်းရွက်သီးနှံစားပင်မျိုးစုံကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးလုပ်ကိုင်လျက်ရှိပါသည်။ ယခုနှစ်တွင် စားသုံးသူများပြား၍ ဈေးကွက်အခိုင်အမာရှိသော စားဖိုဆောင်သုံးရာသီစာကာလတိုသီးနှံဖြစ်သည့် ပန်းဂေါ်ဖီမှာ ဈေးကောင်းရ၍ တောင်သူများ ပိုမိုတိုးချဲ့ စိုက်ပျိုးလျက်ရှိကြောင်းသိရှိရပါသည်။

   ပန်းဂေါ်ဖီသည် မုန်လာအုပ်စုတွင်ပါဝင်သောအပင်များဖြစ်၍ မြေဆီဩဇာကြွယ်ဝသော မြေအမျိုးအစားကို ကြိုက်နှစ်သက်ကြောင်း၊ အေးသောရာသီဥတုကို ကြိုက်နှစ်သက်သော်လည်း အပူဒဏ်ခံနိုင်သည့် သီးနှံတစ်မျိုးဖြစ်ကြောင်း၊ ပူ၍ခြောက်သွေ့သောရာသီဥတုတွင် ပန်းမပွင့်သည့်အတွက် အေးပြီးအစိုဓာတ်ရသောနေရာတွင်သာစိုက်ပျိုးသင့်ကြောင်း၊ ခြောက်သွေ့လွန်းသောရာသီဥတုတွင် အပွင့်ဖြစ်ထွန်းရန်ခက်ခဲကြောင်း၊ မြေပြန့်ဒေသများတွင် စက်တင်ဘာလနှင့် အောက်တိုဘာလများတွင်စိုက်ပျိုးကြပြီး တောင်ပေါ်ဒေသများတွင် ဧပြီလ၊ မေလ၊ စက်တင်ဘာလနှင့် အောက်တိုဘာလများတွင် စိုက်ပျိုးကြကြောင်း၊  စိုက်ပျိုးရာတွင် မြေကို ပေါင်ဖော်၍ အတန်းလိုက်စိုက်ပျိုးကြပြီး တစ်ပင်နှင့် တစ်ပင် (၁.၅-၂)ပေအကွာ၊ တစ်တန်းနှင့်တစ်တန်းလျှင် (၂-၂.၅)ပေခန့်အကွာစိုက်ပျိုးရကြောင်း၊ သို့မှသာ လေဝင်လေထွက်ကောင်းမွန်၍ နေရောင်ခြည်ကောင်းစွာရရှိကာ အပင်ဖြစ်ထွန်းကြောင်း၊ တစ်ပတ်လျှင် (၁-၂)ကြိမ်ရေသွင်းပေးရကြောင်း၊ အပင်သက်တမ်း(၃)လခန့်အကြာတွင်  ပန်းပွင့်များကို စတင်ခူးဆွတ်နိုင်ကြောင်း၊ စတင်ခူးဆွတ်ချိန်မှ (၃-၄) လကြာအထိ ခူးဆွတ်ရောင်းချရကြောင်း၊ နယ်ဝေးသို့တင်ပို့ရောင်းချမည်ဆိုပါက အပင်ကို အရွက်များ (၃-၄) ရွက်ခန့်ချန်၍ ခုတ်ရကြောင်း၊ တစ်ဧကလျှင် (၅-၈)တန်ထိထွက်ရှိကြောင်း၊ တစ်ခါခူးဆွတ်လျှင် ပန်းဂေါ်ဖီ(၂၀၀)မှ (၃၀၀)ပွင့်အထိခူးဆွတ်ရရှိကြောင်း စိုက်ပျိုးတောင်သူတစ်ဦးထံမှသိရှိရသည်။  ဈေးကွက်အနေဖြင့် ဆင်ဖြူကျွန်းဒေသထွက် ပန်းဂေါ်ဖီပွင့်များကို ချောက်၊ စလင်း၊ ပွင့်ဖြူ၊ မင်းဘူး၊ မကွေးမြို့များသို့ တင်ပို့ရောင်းချကြပြီး ပေါ်ဦးပေါ်ဖျားအချိန် နိုဝင်ဘာလတွင်မူ ပန်းဂေါ်ဖီတစ်ပွင့်လျှင် ကျပ်(၁၅၀၀)ခန့်အထိဈေးရရှိကာ နောက်ပိုင်း ပန်းဂေါ်ဖီလှိုင်လှိုင်ပေါ်ချိန်တွင် အပွင့်အရွယ်အစားပေါ်မူတည်၍ တစ်ပွင့်လျှင် ကျပ်(၈၀၀)မှ ကျပ်(၁၀၀၀)အထိရရှိကြောင်းသိရှိရသည်။ ရာသီပေါ်သီးနှံဖြစ်၍ စားသုံးသူဈေးကွက်၌လည်း အရောင်းသွက်လျက် ရှိသောကြောင့် ဆင်ဖြူကျွန်းဒေသရှိ ပန်းဂေါ်ဖီစိုက်ပျိုးသူတောင်သူများအနေဖြင့် အဆင်ပြေလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(မကွေး)