Main menu

ပခုက္ကူမြို့ ၊ ဆယ်ရွာကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြော

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုနှင့် ပခုက္ကူခရိုင်ဦးစီးမှူး၏ အနီးကပ်ကြီးကြပ်မှုတို့ဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူး ဦး‌ဇော်ထွန်းဦးနှင့်ဝန်ထမ်းများသည် စားသုံးသူပြည်သူများအား အခွင့်အရေးများရရှိစေရန်နှင့် ကုန်စည်နှင့်ဝန်ဆောင်မှုများကို မှန်ကန်စွာရွေးချယ်ဝယ်ယူတတ်စေရန်ရည်ရွယ်၍ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို (၂-၁-၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် ပခုက္ကူမြို့၊ ဆယ်ရွာကျေးရွာ၊ အမှတ်(၅၆)အခြေခံပညာမူလတန်းကျောင်းသို့သွားရောက်၍ ကျောင်းသား/ကျောင်းသူ(၂၀၄)ဦး၊ ဆရာ/ဆရာမ(၇)ဦးနှင့် မိဘပြည်သူ(၁၅)ဦးတို့အား စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာများဟောပြောဆွေးနွေးခဲ့ပါသည်။

  ပထမဦးစွာ ကျောင်းအုပ်ဆရာမကြီးက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး ဒုတိယခရိုင်ဦးစီးမှူး ဦးဇော်ထွန်းဦးက စားသုံးသူရေးရာဦးစီးဌာန၏သမိုင်းကြောင်း၊ ဌာနဖြစ်ပေါ်လာပုံအဆင့်ဆင့်၊ ဌာန၏ဆောင်ရွက်နေသော လုပ်ငန်းဆောင်ရွက်ချက်များ၊ ယခုကဲ့သို့ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပခြင်းဖြင့် စားသုံးသူ၏အခွင့်အရေးကိုသိရှိနားလည်ပြီး အပြည့်အဝတောင်းဆိုတတ်ရန် ကုန်စည်(သို့)ဝန်ဆောင်မှုများ၊ အစားအသောက်/ အသုံးအဆောင်များကို ဝယ်ယူအသုံးပြုသည့်အခါ ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာပါရှိသည့်ကုန်ပစ္စည်း/ အစားအသောက်များကို ရွေးချယ်ဝယ်ယူတတ်ရန်လိုအပ်ကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူပြည်သူများအပေါ် အကျိုးပြုကာကွယ်ပေးနေသောဌာနဖြစ်ကြောင်း ဆွေးနွေးခဲ့ပါသည်။

  ထို့နောက် ဒုတိယဦးစီးမှူး ဒေါ်မျိုးသန္တာဝင်းက စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)၊  အခန်း(၁၈)၊ ပုဒ်မ၄၁အရ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြထား ရှိသည့် ကုန်ပစ္စည်းများကိုသာရောင်းချရန်နှင့် အသင့်စားမုန့်အမျိုးမျိုးတွင် ကုန်ပစ္စည်း၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းနှင့် ဓာတ်မတည့်ကြောင်းဖော်ပြချက်တို့ကို မြန်မာဘာသာဖြင့်ဖော်ပြရမည့်အပြင် ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲတို့ကိုကြည့်ရှု၍ ရွေးချယ်ဝယ်ယူစားသုံးသင့်ကြောင်း အသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီးနောက် မိမိတို့အသိပညာပေးဟောပြောဆွေးနွေးမှုများအနက် နားလည်နိုင်မှုစွမ်းရည်များကိုပြန်လည်မေးမြန်း၍ ဖြေကြားနိုင်သည့် ကျောင်းသား/ ကျောင်းသူများအား ဆုများချီးမြှင့်ခဲ့ပါသည်။ ၎င်းနောက် ဒုတိယဦးစီးမှူး ဦးဇော်မင်းဦးကလည်း စားသုံးသူရေးရာဦးစီးဌာန၏ ဆောင်ပုဒ်ဖြစ်သော "စားသုံးသူအခွင့် အရေးဦးစားပေး" ဟူသည့်အတိုင်း စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များကို ဦးစားပေးရှင်းလင်းခဲ့ကြောင်း၊ ပြည်သူတိုင်းသည် စားသုံးသူများဖြစ်ပြီး စားသုံးသူတိုင်းတွင် စားသုံးသူအခွင့်အရေးရှိကြောင်း၊ မိမိ၏အခွင့်အရေးကိုသဘောပေါက်နားလည်မှသာ အခွင့်အရေးများကိုတောင်းဆိုနိုင်မည်ဖြစ်ကြောင်း၊ အစားအသောက်/ ကုန်ပစ္စည်း(သို့)ဝန်ဆောင်မှုကို ဝယ်ယူအသုံးပြုလျှင် စိတ်ကျေနပ်မှုရှိရန်နှင့် ဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုနိုင်ရန်လိုအပ်ကြောင်း၊ သတင်းအချက်အလက်ရယူခွင့်ရှိကြောင်း၊ စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်ကြောင်း၊ နစ်နာဆုံးရှုံးမှုကို တင်ပြခွင့်၊ တိုင်ကြားခွင့်၊ ကုစားခွင့်များရှိကြောင်း၊ အသိပညာဗဟုသုတများကိုလည်း သိရှိလေ့လာနိုင်ကြောင်း၊ ကောင်းမွန်သောပတ်ဝန်းကျင်တွင် နေထိုင်ခွင့်များပါရှိကြောင်းနှင့် စားသုံးသူ၏တာဝန်များအကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)