Main menu

ပခုက္ကူမြို့နယ်၊ ရွာသစ်ကုန်းကျေးရွာရှိ ငရုတ် စိုက်တောင်သူနှင့်တွေ့ဆုံဆွေးနွေး

Powered by Drupal

        စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့်ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒုတိယဦးစီးမှူး ဒေါ်သူဇာကျော်သည် (၂.၁.၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၃၀) အချိန်တွင် ပခုက္ကူမြို့နယ်၊ ကုက္ကိုလှကျေးရွာအုပ်စု၊ ရွာသစ်ကုန်းကျေးရွာရှိ  ငရုတ်စိုက်တောင်သူနှင့် တွေ့ဆုံမေးမြန်းခဲ့ပါသည်။         

        အဆိုပါ ငရုတ်စိုက်တောင်သူနှင့် တွေ့ဆုံရာတွင်  စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကိုသာမက ပြည်တွင်းကဏ္ဍများကိုလည်း ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ တောင်သူများထံမှ စိုက်ပျိုးသီးနှံများ၏ အမှန်တကယ် စိုက်ဧက၊ ကုန်ကျစရိတ်၊ ဝင်ငွေ၊ အကျိုးအမြတ်နှင့် ဓာတ်မြေဩဇာ/ ပိုးသတ်ဆေးဈေးနှုန်းတို့ကိုလည်း ကွင်းဆင်းကောက်ယူပြီး  အထက်ဌာနအဆင့်ဆင့်သို့ တင်ပြပေးနေခြင်းဖြစ်ကြောင်း ချပြရှင်းလင်းပါသည်။

       ငရုတ်စိုက်တောင်သူမှ ယခုအချိန်တွင် ငရုတ်သီးနှံကို စိုက်ပျိုးထားချိန်ဖြစ်ကြောင်း၊ ငရုတ်ပျိုးဘောင်များကို ကံလှ၊ တင်းဂတ်၊ ငကျော်၊ မြင်းဝန်း ကျေးရွာများမှ ဝယ်ယူကြောင်း၊ ဝါးတစ်ပြန်ခန့် ပျိုးဘောင်(၁)ဘောင်လျှင် ကျပ်(၃၅၀၀၀)ဖြင့်ဝယ်ရကြောင်း၊ ပန်းရဲ၊ ဟော့အေသင်၊ မျှားနီ(ပဒေသာ) ငရုတ်အမျိုးအစားများ စိုက်ပျိုးပြီး တစ်ဧကလျှင် ပျိုးဘောင်(၈)ပြန် မှ (၁၂)ပြန်ကြား စိုက်ပျိုးရ ကြောင်း၊ လုပ်အားခမှာ အမျိုးသားတစ်ဦး တစ်နေ့လျှင်ကျပ်(၈၀၀၀)ပေးရပြီး၊ အမျိုးသမီးတစ်ဦး တစ်နေ့လျှင် ကျပ်(၅၀၀၀)ပေးရကြောင်း၊ တစ်ပတ်လျှင် ပိုးသတ်ဆေး တစ်ကြိမ် ပက်ဖြန်းရပြီး ကုန်ကျစရိတ်မှာ ကျပ်(၃၅၀၀၀ မှ ၄၀၀၀၀)ရှိကြောင်း၊ တစ်ဧကလျှင် ကုန်ကျစရိတ်မှာ ကျပ် (၁၃)သိန်းမှ ကျပ်(၁၅)သိန်းခန့်ထိရှိကြောင်း၊ နတ်တော်၊ ပြာသိုလတွင် စတင်စိုက်ပျိုးပြီး စိုက်ပျိုးချိန် (၄)လခန့် အကြာ တပိုတွဲ၊ တပေါင်းတွင် ငရုတ်ပေါ်ကြောင်း၊ ငရုတ်သီးခြောက်များကို ပခုက္ကူမြို့ပေါ်ရှိ ပွဲရုံများနှင့်ရွာသို့လည်း ပွဲစားများကိုယ်တိုင်ဆင်း၍ လာရောက်ဝယ်ယူကြောင်း၊  ယခင်နှစ်တွင်ငရုတ် ခြောက် တစ်ပိဿာလျှင် ကျပ်(၁၂၀၀၀)ထိ ဈေးကောင်းရသဖြင့် အကျိုးအမြတ်များရှိကြောင်း၊ ယခုနှစ်တွင် လက်ရှိစိုက်ပျိုးချိန်တွင် တစ်ပိဿာလျှင် ကျပ်(၇၀၀၀)ဈေးသာရှိသဖြင့် ဈေးနည်းသေး ပါကြောင်း၊ ငရုတ်ခြောက်ပေါ်ချိန်တွင် ဈေးကောင်းရနိုင်ရန်မျှော်လင့်ကြောင်း၊ ပိုးသတ်ဆေး/ ဓာတ်မြေဩဇာများကိုလည်း ဈေးနှုန်းအသင့်အတင့်ရနိုင်လျှင် တောင်သူများအတွက် သီးနှံများစိုက် ပျိုးရသည်မှာ ပို၍အကျိုးအမြတ်များရှိပါကြောင်း  ငရုတ်စိုက်တောင်သူတစ်ဦးမှ ပြန်လည်ဆွေးနွေး ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)