Main menu

"ကုန်စည်များလုံခြုံစိတ်ချရှိစေရေး ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြပေး"

Powered by Drupal

          စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ထုတ်ကုန်လုံခြုံ စိတ်ချရမှုရှိစေရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉) အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် သတ်မှတ်ချက်များနှင့်အညီ ပြည့်စုံမှန်ကန် စွာထည့်သွင်း ဖော်ပြလာခြင်းဖြင့် လုပ်ငန်းများပိုမိုအောင်မြင်စွာ အကျိုးစီးပွားဖြစ်ထွန်းလာနိုင်စေရန် ရည်ရွယ်၍ ၂၀၂၂ခုနှစ် ဇန်နဝါရီလ(၂၀)ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင် တိုင်းဒေသကြီး/ခရိုင် ဦးစီးမှူးတို့၏ လမ်းညွှန်ချက်ဖြင့်  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဒေါ်မွန်မွန်စိုးနှင့်ဝန်ထမ်းများသည် ပခုက္ကူမြို့၊ အမှတ်(၁၅) ရပ်ကွက် (၁၁)လမ်းရှိ မုန့်လုပ်ငန်းများအား ကွင်းဆင်း၍ လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။    

        ဒု-ခရိုင်ဦးစီးမှူးမှ လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေး လုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းနှင့်ပတ်သက်သည့် ဥပဒေပြဌာန်းချက်များ၊ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်း၊ တားမြစ်ချက်များ၊ ပြစ်မှုနှင့်ပြစ်ဒဏ်များ အကြောင်းသိရှိလိုက်နာစေရန် ရှင်းလင်းဆွေးနွေးခဲ့ပြီး ပေါင်မုန့်လုပ်ငန်းများ၏ ကုန်အမှတ် တံဆိပ်များအား လေ့လာရာတွင် အနည်းငယ်သာလိုအပ်ချက်ရှိ၍ ပြင်ဆင်ဖြည့်စွက်ရန် လိုအပ်ပါကြောင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ် အသားဖော်ပြချက်များနှင့် ကိုက်ညီမှုရှိပါက စားသုံးသူရေးရာဦးစီးဌာနသို့ ကုန်အမှတ်တံဆိပ် စိစစ်ခွင့်ပြုချက်ရရှိရန် နမူနာပုံစံများနှင့်တကွ လျှောက်ထားနိုင်ပြီး စိစစ်ပြန်ကြားပေးလျက်ရှိကြောင်း အသေးစိတ်ရှင်းလင်းခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေစာအုပ်နှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့် ကြော်ငြာချက် အမှတ်(၂/၂၀၁၉)ပါ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

          ဆက်လက်၍ ပဲပေါင်မုန့်လုပ်ငန်းတစ်ခုအား လေ့လာရာတွင် အသုံးပြုသော ကုန်ကြမ်း ပစ္စည်းများအား ရန်ကုန်မှ မှာယူကြောင်း၊ ဂျုံ၊ ကြက်ဥ၊သကြား၊ ပဲ၊ ရေသန့် ၊ပွဆေး၊ မာဂျရင်း၊ ဆား၊ ပေါင်မုန့်တဆေးများကို လိုအပ်သည့် အချိုးအဆအတိုင်းရောမွှေ၍ (၄)နာရီခန့် ကြာအောင် နှပ်ထားပြီး မုန့်ဖုတ်စက်သို့ (၁၅)မိနစ်ခန့်ဖုတ်ရကြောင်း၊ ရရှိလာသောမုန့်များကို အအေးခံ၍ပါကင် ထုတ်ပိုးကြောင်း၊ ဈေးကွက်အနေဖြင့် ပခုက္ကူဒေသတွင်း၊ ကမ္မ၊ မြစ်ခြေနှင့် ညောင်ဦးဒေသများသို့ ဖြန့်ဖြူးရောင်းချကြောင်း၊ ဈေးနှုန်းအနေဖြင့် (၅၅)ဂရမ်တစ်ထုတ်လျှင် လက်လီဈေး(၁၀၀) ကျပ်နှင့် လက်ကားဈေး (၈၆)ကျပ်ရောင်းချကြောင်း၊ အလုပ်သမားဦးရေ(၂၀)ဦးခန့်ရှိပြီး လုပ်အားခ အနေဖြင့် (၅၀၀၀/၆၀၀၀)ကျပ်ပေးကြောင်း၊ ရပ်ကွက်အတွင်းရှိ ပြည်သူများအား အလုပ်အကိုင် အခွင့်အလမ်း များလည်းဖန်တီးပေးနိုင်ပါကြောင်း လုပ်ငန်းရှင်၏ ပြောကြားချက်အရသိရှိရပါသည်။

DOCA(မကွေး)