Main menu

အဆိုပြု ဆန်လက်လီရောင်းဈေးနှုန်း သတ်မှတ်ထုတ်ပြန်ရန် ဖိလစ်ပိုင်အစိုးရ စီစဉ်

Powered by Drupal

    ဖိလစ်ပိုင် စာရင်းအင်းအာဏာပိုင်အဖွဲ့၏ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွက် ထုတ်ပြန်ခဲ့သော ဆန်ဈေးနှုန်းဖောင်းပွမှု အစီရင်ခံစာအရ အဆိုပြု ဆန်လက်လီဈေးနှုန်းများ (Suggested Retail Prices on Rice - SRPs) ကို သတ်မှတ်ထုတ်ပြန်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ဖိလစ်ပိုင် စိုက်ပျိုးရေးဦးစီးဌာနက ၆-၁-၂၀၂၄ နေ့တွင် ပြောကြားခဲ့ပါသည်။ 

     ဈေးနှုန်းအက်ဥပဒေဟု ခေါ်ဆိုသော ပြည်ထောင်စုအက်ဥပဒေအမှတ် ၇၅၈၁ တွင် အခြေခံ စားသောက်ကုန်နှင့် လူသုံးကုန်စည်များ၏ ဈေးနှုန်းများကို အလွန်အမင်းမြင့်တက်ခြင်း မဖြစ်စေပဲ တည်ငြိမ်အောင်ဆောင်ရွက်ခြင်းဖြင့် စားသုံးသူများကို အကာအကွယ်ပေးရန် ပြဋ္ဌာန်းထားရှိမှုနှင့် အညီ အဆိုပြုဆန်လက်လီဈေးနှုန်းများကို သတ်မှတ်နိုင်ရန် လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ ထိုသို့ သတ်မှတ်ထုတ်ပြန်နိုင်ရေးအတွက် အစိုးရအနေဖြင့် ဆန်စပါးဈေးကွက်တွင် အဓိကပါဝင်သူများ ဖြစ်သည့် စားသုံးသူအစုအဖွဲ့များ၊ ထုတ်လုပ်သူအုပ်စုများ၊ ကုန်သည်များနှင့် ဆန်စက်လုပ်ငန်းရှင် များအားလုံးနှင့် တွေ့ဆုံဆွေးနွေးညှိနှိုင်းမှုများကို လုပ်ဆောင်မည်ဖြစ်ကြောင်း၊ စိုက်ပျိုးထုတ်လုပ် သူများ၏ စပါးမှဆန်ရရှိသည်အထိ ဆောင်ရွက်အခြေအနေ၊ ကုန်သည်များ၏ သိုလှောင်မှု၊ ကြိတ်ခွဲမှုနှင့် အခြောက်ခံမှုတို့အတွက် စိုက်ထုတ်ကျခံရမှု အခြေအနေနှင့် လက်လီရောင်းချသူများ၏ ကုန်ကျစရိတ်အခြေအနေ စသည်တို့ကို နှိုင်းယှဉ်အကဲဖြတ်ပြီးမှသာ အဆိုပြု ဆန်လက်လီ ဈေးနှုန်းသည် မည်သည့်အတိုင်းအတာအတွင်းရှိသင့်သည်ကို သိရှိနိုင်မည်ဖြစ်ကြောင်း၊ ယခု အစီအစဉ်သည် အဆိုပြုဈေးနှုန်းများ သတ်မှတ်နိုင်ရန်သာဖြစ်ပြီး အမြင့်ဆုံးရောင်းဈေးနှုန်း သတ်မှတ်ရန် မဟုတ်ကြောင်းဖြင့် Super Radyo dzBB ရေဒီယိုအသံလွင့်ဌာနနှင့် တွေ့ဆုံမေးမြန်းခန်း တစ်ခုတွင် စိုက်ပျိုးရေးဦးစီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ လက်ထောက်အတွင်းဝန် Arnel De Mesa က ပြောဆိုခဲ့သည်။

    ဖိလစ်ပိုင် စာရင်းအင်းအာဏာပိုင်အဖွဲ့က ၅-၁-၂၀၂၄ နေ့တွင် ထုတ်ပြန်ခဲ့သော အစီရင်ခံစာ၌ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင် ဆန်ဈေးနှုန်း မြင့်တက်မှုနှုန်းသည် ၁၄ နှစ်ကာလအတွင်း အမြင့်မားဆုံးဖြစ်ခဲ့ကြောင်း၊ ဆန်ဈေးနှုန်းဖောင်းပွမှုသည် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ၌ ၁၅.၈% ရှိရာမှ ဒီဇင်ဘာလတွင် ၁၉.၆% အထိ ‌မြင့်တက်ခဲ့ကြောင်း၊ အဆိုပါကိန်းဂဏန်းမှာ  ၂၂.၉% ဖြင့် စံချိန်တင်ခဲ့သော ၂၀၀၉ ခုနှစ် မတ်လနောက်ပိုင်းတွင် အမြင့်မားဆုံးဖြစ်ကြောင်း၊ ပုံမှန်စက်ကြိတ်အဆင့်ဆန်များ၏ ပျမ်းမျှဈေးနှုန်းမှာ နိုဝင်ဘာလတွင် ၁ ကီလိုဂရမ်လျှင် ပီဆိုငွေ ၄၆.၇၃ နှုန်းမှ ဒီဇင်ဘာလ၌ ၄၈.၅၀ ပီဆိုနှုန်းအထိ မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း၊ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလတွင် ၎င်းဆန်အတန်းအစား ၁ ကီလိုဂရမ်လျှင် ပီဆိုငွေ ၃၉.၆၃ နှုန်းသာ ရှိခဲ့ကြောင်းဖြင့် ဖော်ပြပါသည်။

    လက်ရှိကာလ၌ ပုံမှန်စက်ကြိတ်အဆင့်ဆန်နှင့် ကောင်းမွန်စွာကြိတ်ခွဲမှုအဆင့်ဆန် နှစ်မျိုးလုံး၏ ဈေးနှုန်းများမှာ တူညီသည့် အခြေအနေရှိကြောင်း၊ ပုံမှန်စက်ကြိတ်အဆင့်ဆန်မှာ ယခုအခါ ဈေးကွက်အတွင်း မရှိတော့ပဲ ကောင်းမွန်စွာကြိတ်ခွဲမှုအဆင့်ရှိသော ဆန်များကိုသာ ရောင်းဝယ် လျက်ရှိကြကြောင်း၊ အဆိုပါဆန်များ၏ ဈေးနှုန်းမှာ ၁ ကီလိုဂရမ်လျှင် ၅၂ ပီဆိုခန့် ရှိကြောင်းဖြင့် De Mesa က ပြောကြားခဲ့ပါသည်။

Source: The Daily Tribune , 6 Jan 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)