Main menu

၂၀၂၃ ခုနှစ်၌ ဆန်တန်ချိန် ၈.၃ သန်း တင်ပို့မှုမှ ဒေါ်လာ ၄.၇၈ ဘီလီယံ ဗီယက်နမ်ရရှိ

Powered by Drupal

   ဗီယက်နမ်နိုင်ငံအနေဖြင့် ၂၀၂၃ ခုနှစ်အတွင်း ဆန်တန်ချိန် ၈.၃ သန်း တင်ပို့ပြီး  အမေရိကန် ဒေါ်လာ ၄.၇၈ ဘီလီယံ ရရှိခဲ့ရာ အရေအတွက်နှင့် ဈေးနှုန်း နှစ်ရပ်လုံး မြင့်မားစွာဖြင့် ဆန်တင်ပို့မှု အောင်မြင်သောနှစ် ဖြစ်ခဲ့သည်။

   ဗီယက်နမ် စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၏ အဆိုအရ ပြည်တွင်း၌ ဆန်တန်ချိန် စုစုပေါင်း ၄၃.၅ သန်း ထုတ်လုပ်နိုင်ခဲ့သဖြင့် ၁.၉% တိုးတက်ခဲ့ပြီး ပြည်တွင်းဝယ်လိုအားနှင့် ပြည်ပတင်ပို့မှု နှစ်ခုလုံးကို ဖြည့်ဆည်းပေးနိုင်ခဲ့ကြောင်း သိရသည်။ ဝယ်လိုအား များသောကြောင့် ပျမ်းမျှ ဆန်ပို့ကုန်ဈေးနှုန်းမှာ တစ်တန်လျှင် ၆၆၃ ဒေါ်လာရှိသည်။

   ၂၀၂၃ ခုနှစ်အတွင်း ကမ္ဘာ့ပထဝီနိုင်ငံရေး ပဋိပက္ခများနှင့် စားနပ်ရိက္ခာ ပြတ်တောက်မှုများ ကြောင့် ဆန်တင်ပို့မှုတွင် အခက်အခဲများရှိခဲ့သည်။ အယ်နီညိုဖြစ်စဉ်မှာလည်း စားနပ်ရိက္ခာ ထုတ် လုပ်မှုကို လျော့ကျစေသည့်အတွက် နိုင်ငံအချို့၌ ပြည်တွင်းဝယ်လိုအားအတွက် စိုးရိမ်မှု ဖြစ်စေ ခဲ့သည်။ ထို့အပြင် အိန္ဒိယ၊ ယူအေအီးနှင့် ရုရှားကဲ့သို့ နိုင်ငံကြီးများမှ ဆန်တင်ပို့မှု ရပ်ဆိုင်းခြင်း သည်လည်း ကမ္ဘာ့စားနပ်ရိက္ခာဈေးကွက်တွင် စိုးရိမ်မှုကို တိုးလာစေခဲ့သည်။ သို့သော်လည်း လယ်ယာထွက်ကုန်များ အထူးသဖြင့် ဆန်တင်ပို့သည့် ဗီယက်နမ်နိုင်ငံအနေဖြင့် နိုင်ငံတွင်း စားနပ်ရိက္ခာဖူလုံမှုနှင့် ပို့ကုန်တိုးတက်မှုကို အာမခံနိုင်ဆဲဖြစ်သည်။

   ဗီယက်နမ်နိုင်ငံ၏ ၂၀၃၀ ပြည့်နှစ်အထိ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော  ဆန်တင်ပို့မှုဈေးကွက် ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာအရ စိုက်ပျိုးရေးအာဏာပိုင်များအနေဖြင့် ပို့ကုန်အရည်အသွေး ပိုမိုတိုးတက်စေရန်နှင့် တန်ဖိုးမြှင့်တင်နိုင်ရန်အတွက် ကျေးလက်ဒေသများ နှင့် ဆန်စပါး အဓိကစိုက်ပျိုးသည့် ဇုန်များတွင် ပြန်လည်စုဖွဲ့ ဆောင်ရွက်ရန် ညွှန်ကြားထားသည်။ ဗီယက်နမ်၏ ST25 အမျိုးအစားဆန်သည် ကမ္ဘာ့အကောင်းဆုံးဆန်ဆုကို မကြာသေးမီက ထပ်မံရရှိခဲ့သည်။ ကမ္ဘာ့ ဆန်ရောင်းလိုအားမှာ နည်းပါးနေဆဲဖြစ်ပြီး ဗီယက်နမ်ဆန်အပေါ် ဝယ်လိုအား သည် ၂၀၂၄ ခုနှစ်တွင် တစ်ဟုန်ထိုး မြင့်တက်လာနိုင်ကြောင်း၊ အထူးသဖြင့် ဖိလစ်ပိုင်နိုင်ငံနှင့် တရုတ်နိုင်ငံတို့မှ မြင့်တက်လာမည်ဖြစ်ကြောင်း ဆန်တင်ပို့သူများက ပြောဆိုသည်။

Source: Vietnam Plus, 8 Jan 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)