Main menu

ကရင်ပြည်နယ် ကုန်စည်ဒိုင်ဖြစ်မြောက်ရေး ပဏာမညှိနှိုင်းအစည်းအဝေးကျင်းပ

Powered by Drupal

         (၂၁.၁.၂၀၂၂) ရက်နေ့ နေ့လယ် ၁၃:၀၀ နာရီအချိန်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့ Perfect Hotel ၌ ကျင်းပပြုလုပ်သော ကရင်ပြည်နယ်ကုန်စည်ဒိုင်ဖြစ်မြောက်ရေး ပဏာမညှိနှိုင်းအစည်းအဝေးသို့ ကရင်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးသန်းဦးနှင့် ဝန်ထမ်းများသည် မိတ်ဘက်ဌာနဆိုင်ရာများဖြစ်သော စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ မြန်မာ့ကုန်သွယ်မှုမြှင့်တင် ရေးအဖွဲ့၊ ဇွဲကပင်ကုန်သွယ်မှုဗဟိုဌာန၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဌနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ညီနောင်အသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

        အဆိုပါအစည်းအဝေးတွင် ကရင်ပြည်နယ်စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးစိန်လွင်မှ အဖွင့်အမှာစကားပြောကြားရာတွင် အခြား တိုင်းဒေသကြီး နှင့်ပြည်နယ်များတွင်လည်း ကုန်စည်ဒိုင်များဖွင့်လှစ်ပြီး ကုန်သွယ်ရောင်းဝယ်မှု ပြုလုပ်နေသည်ကို တွေ့ရှိရကြောင်း၊  ကရင်ပြည်နယ်တွင်လည်း ကုန်စည်ဒိုင် ရှိသင့်ကြောင်း၊ ကုန်စည်ဒိုင်ဖွင့်လှစ်ခြင်းဖြင့် ဈေးနှုန်းဈေးကွက်များ မှန်ကန်ခိုင်မာပြီး ကုန်သွယ်မှုလုပ်ငန်းများ ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် လက်ရှိတွင် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ကုန်စည်ဒိုင်ဖြစ်မြောက်ရေးအတွက် မိမိတို့လည်း တတ်အားသမျှ ဝိုင်းဝန်း ပူပေါင်းကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

          ထို့နောက် ကရင်ပြည်နယ်ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးဇော်ဌေးက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး ကရင်ပြည်နယ်အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်အောင်က ဌာန၏ လုပ်ငန်းတာဝန်များ အကြောင်းရှင်းလင်းပြောကြားပြီး ကုန်စည်ဒိုင်ဖွင့်လှစ်ခြင်းဖြင့် အသေးစား စီးပွားရေးလုပ်ငန်း များလည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါကြောင်းဆွေးနွေးပြောကြားပြီး မြန်မာ့ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့၊ ဇွဲကပင်ကုန်သွယ်မှုဗဟိုဌာန၊ တာဝန်ခံ ဦးခင်မောင်မောင်အုန်းက မိမိတို့ ဌာနသည် ကုန်သွယ်ရေး၊ စီးပွားရေးနှင့်ပတ်သက်သည့်လုပ်ငန်းများကို ချိတ်ဆက်ဆောင်ရွက် ပေးနေကြောင်း၊ ပြည်တွင်း/ပြည်ပ ကုန်စည်ပြပွဲများ ပြုလုပ်နေမှုများအကြောင်းနှင့် ကုန်စည်ဒိုင်ဖွင့်လှစ်ဆောင်ရွက်ခြင်းဖြင့် ရရှိလာမည့် အကျိုးဖြစ်ထွန်းမှုများအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

         ဆက်လက်၍ ကရင်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးသန်းဦးက စားသုံးသူရေးရာဦးစီးဌာန၏ သမိုင်းကြောင်းအား ရှင်းပြပြီး ဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက် များအကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါအကြောင်းအရာများဖြစ်သော စားသုံးသူများ၏ အခွင့်အရေးနှင့် ရပိုင်ခွင့်များ၊ တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ လိုက်နာရမည့် တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြရန် သတ်မှတ်ချက်များ၊ ပြည်တွင်းကုန်သွယ်ရေး ဖွံ့ဖြိုးမှုလုပ်ငန်းများအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

        ထို့နောက် ပြည်နယ်ဦးစီးမှူး ဦးသန်းဦးက တိုင်းဒေကြီးနှင့် ပြည်နယ်များတွင် ၂၀၀၆ ခုနှစ်အထိ ကုန်စည်ဒိုင် (၉)ခုသာဖွင့်လှစ်ခဲ့ရာမှ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာနနှင့် မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်တို့၏ ပူးပေါင်း ဆောင်ရွက်နိုင်ခဲ့မှုကြောင့် ကုန်စည်ဒိုင် (၅၇)ခု ထပ်မံဖွင့်လှစ်နိုင်ခဲ့ပြီး စုစုပေါင်း လက်ကား ကုန်စည်ဒိုင် (၆၆)ခုအား ဖွင့်လှစ်နိုင်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ကုန်စည်ဒိုင်ဖွင့်လှစ်ခြင်းဖြင့် ဒေသထွက်ကုန်ပစ္စည်းများ ဈေးနှုန်း/ဈေးကွက် မှန်ကန်ခိုင်မာလာပြီး ရောင်းဝယ်ဖောက်ကား မှုလွယ်ကူအဆင်ပြေလာမည်ဖြစ်ပါကြောင်း၊ ကုန်စည်ဒိုင်ရှိခြင်းနှင့် မရှိခြင်း၏ အကျိုးတရား များလည်း တွေ့ရှိလာရမည်ဖြစ်ပါကြောင်း၊ ကရင်ပြည်နယ်တွင်လည်း ကုန်စည်ဒိုင်ဖြစ်မြောက် ရေးအတွက်အသင်းအဖွဲ့များနှင့်ပူးပေါင်းဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီးဌာနနှင့် ပြည်နယ် အစိုးရအဖွဲ့မှလည်းညွှန်ကြားထားပါကြောင်း၊ ဒေသထွက်ကုန်ပစ္စည်းများကို အရည်အသွေး ပြည့်မီစွာတင်ပို့နိုင်ရေးနှင့်ဈေးကွက်တည်ငြိမ်မှုရရှိရေးသည်လည်းလွန်စွာအရေးကြီးပါကြောင်း၊ မိမိတို့ဌာနအနေဖြင့် လက်ရှိတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေး၊ ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အသင်း အဖွဲ့များ၊ အစုအဖွဲ့များ ဖွဲ့စည်းခြင်း၊ ကုန်စည်ဒိုင်များဖွင့်လှစ်နိုင်ရေးအတွက် ကူညီပေးခြင်းများ ဆောင်ရွက်နေကြောင်း အစရှိသည့် ကုန်စည်ဒိုင်ဖွင့်လှစ်နိုင်ရေးအတွက် ဆောင်ရွက်ရမည့် အကြောင်းအရာများအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

        ထို့နောက် ကရင်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဌမှ ကျေးဇူးတင်စကားပြောကြားပြီး ကြွရောက်လာသော ညီနောင်အသင်းများမှ အလုပ် အမှုဆောင်အဖွဲ့ဝင်များ၊ လုပ်ငန်းရှင်များမှ အကြံပြုဆွေးနွေးခဲ့ကြပါသည်။ အဆိုပါအစည်း အဝေးသို့စားသုံးသူရေးရာဦးစီးဌာနနှင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများနှင့် (၁၄)ဦးနှင့် ညီနောင် အသင်းအဖွဲ့များနှင့် ကုန်သည်လုပ်ငန်းရှင်များ (၂၉)ဦးခန့် တက်ရောက် ခဲ့ကြပြီး အစည်း အဝေးကို ညနေ (၁၆:၀၀)နာရီအချိန်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကရင်)